ဓမ္မဓိဋ္ဌာန်ကျမှု (Objectivity) ဟူသည် ဂျာနယ်လစ်ဇင်ပရော်ဖက်ရှင်၌ အရေးကြီးသော စည်းမျဉ်းတစ်ရပ်ဟု ဆိုကြသည်။ ဓမ္မဓိဋ္ဌာန်ကျမှုဟူသည် မျှတမှု၊ ကိုယ်ကျိုးမဖက်မှု၊ အဖြစ်မှန်အတိုင်းဖြစ်မှုနှင့် ရန်သူ မိတ်ဆွေ မခွဲခြားမှုတို့ကို ရည်ညွှန်းသည်။ သတင်းစာများနှင့် ရုပ်သံဌာနအများစုသည် သတင်းအချက်အလက်များ ရရှိရန် ကမ္ဘာ့အဓိက သတင်းဌာနကြီးလေးခုကို အမှီပြုရသည်။ ကမ္ဘာ့အဓိက သတင်းဌာနကြီး လေးခုဖြစ်သော AFP၊ AP၊ Reuters နှင့် Agencia EFE တို့သည် အခြေခံဒဿနတစ်ခုတည်းဖြင့်သာ ဓမ္မဓိဋ္ဌာန်ကျသည့် သတင်းတစ်ခုတည်းကို ၎င်းတို့ထံမှ သတင်းရယူသော သတင်းစာများနှင့် ရုပ်သံဌာနများကို ပေးသည်။ ကွန်ဆာဗေးတစ်မီဒီယာများကို တစ်မျိုး၊ လစ်ဘရယ်ကျ သော မီဒီယာများကို တစ်မျိုး ပေးခြင်းမရှိ။ အဆိုပါသတင်းဌာနများသည် သူတို့၏ သတင်းအချက်အလက်များကို ပြောရေးဆိုခွင့်ရှိသူများ၊ ထုတ်ပြန်ချက်များနှင့် အခြားခိုင်မာသည့် ရင်းမြစ်များမှ ရယူလျက် လုပ်ရိုးလုပ်စဉ်အရ တာဝန်ခံရမှုအဆင့်ကို လျှော့ချခဲ့ခြင်း ဖြစ်သည်။ အဆိုပါသတင်းဌာနများသည် မှတ်ချက်ပြုခြင်းများ၊ သံသယဖြစ်ဖွယ် အချက်များနှင့် ဝေ၀ါးနိုင်သည့် အချက်များကို ရှောင်ရှားခဲ့ကြသည်။
ဂျာနယ်လစ်ဇင်သည် ပို၍ဓမ္မဓိဋ္ဌာန်ကျရန်၊ ပို၍တိကျရန်နှင့် ပို၍ စုံစမ်းလေ့လာမှု ပြုလုပ်ရန် လိုအပ်သည်ဟု Objectivie ဂျာနယ်လစ်ဇင်သမားများက ဆိုကြသည်။ ဂျာနယ်လစ်ဇင်တွင် ဓမ္မဓိဋ္ဌာန်ကျမှုသည် စာဖတ်ပရိသတ်ကို အကြောင်းအရာနှင့် ပတ်သက်၍ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချရန်နှင့် သူတို့ လိုလားသည့် ယုံကြည်ချက်ကို ဆုံးဖြတ်ရန်အတွက် အကူအညီပေးသည်ဟုဆိုသည်။ သတင်း တင်ပြသူများအနေဖြင့် အမြဲတမ်းရိုးသားသော ပုံစံခွက်တစ်ခုအတွင်း အချက်အလက်များ တင်ပြခြင်းထက် အချက်အလက်များနှင့် ပတ်သက်၍ ရိုးသားစွာတင်ပြခြင်း လိုအပ်သည်ဟုဆိုသည်။ ၎င်းအပြင် ဂျာနယ်လစ်ဇင်တွင် ဓမ္မဓိဋ္ဌာန်ကျမှုကို ထိန်းသိမ်းရန်အတွက် ဂျာနယ်လစ်များသည် အချက်အလက်များနှင့် ပတ်သက်၍ မိမိကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ မိမိသဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ အမှန်အတိုင်း တင်ပြရန်လိုသည်ဟု ဆိုသည်။ ဓမ္မဓိဋ္ဌာန် ဂျာနယ်လစ်ဇင် သမားများက ရေးသူ၏ ထင်မြင်ချက် သို့မဟုတ် ယုံကြည်ချက်များနှင့် မဆိုင်ဘဲ အချက်အလက်များကို အမှန်အတိုင်း ဘက်မလိုက်ဘဲ ထားရန်လိုအပ်သည်ဟု ဆိုသည်။ ဂျာနယ်လစ် ဇင်တွင် ဓမ္မဓိဋ္ဌာန်ကျမှုသည် ဂျာနယ်လစ်တစ်ဦးအနေဖြင့် အဆိုတစ်ရပ်၏ တစ်ဖက်ဖက်၌ ရှိမနေရန် လိုအပ်ပြီး အချက်အလက်များနှင့် ပတ်သက်၍ ပုဂ္ဂိုလ်ရေးသဘောထား တိမ်းညွတ်မှု မပါဘဲ အချက်အလက်အတိုင်းသာ တင်ပြရမည်ဟု ဆိုသည်။
ဂျာနယ်လစ်ဇင်တွင် Objectivity နှင့် ဆန့်ကျင်သည်ဟု ဆိုနိုင်သော အခြားဝေါဟာရ တစ်ရပ်မှာ Advocacy ဖြစ်သည်။ ယင်းတွင် လူမှုရေး သို့မဟုတ် နိုင်ငံရေးဆိုင်ရာ ရည်ရွယ်ချက် ပါဝင်လာသည်။ သို့သော် Advocacy ဂျာနယ်လစ်ဇင်တွင်လည်း အချက်အလက် မှန်ကန်မှုကို ရည်ရွယ်အားပြုသောကြောင့် ၀ါဒဖြန့်ချိရေး (Propaganda) နှင့် လုံးဝကွဲပြား ခြားနားသည်။ အမှန်တကယ်၌ ယင်းဂျာနယ်လစ်ဇင်သည် တစ်ဖက်ဖက်မှ တမင်ရပ်တည်၍ ရေးသားခြင်းဖြစ်သောကြောင့် “မီဒီယာဘက်လိုက်မှု”၊ “ဓမ္မဓိဋ္ဌာန်ကျရန် ပျက်ကွက်မှု” ဟူသော စွဲချက်များမှ လုံးဝ လွတ်ကင်းသည်။
ဥပမာအားဖြင့် Advocacy ဂျာနယ်လစ်ဇင်တွင် အဂတိလိုက်စားမှုများကို ဖော်ပြရာတွင် နိုင်ငံရေးဆိုင်ရာ အဂတိလိုက်စားမှုများကို အပြစ်ပေးသင့်သည်ဟူသော သဘောမျိုး ပါဝင်လာမည် ဖြစ်သည်။ ၎င်းအပြင် အချက်အလက်များကို ရွေးထုတ်တင်ပြရာတွင်လည်း ရပ်တည်ချက်က ပါဝင်လာမည်ဖြစ်သည်။ အချို့သော Advocacy ဂျာနယ်လစ်ဇင်သမားများက ဂျာနယ်လစ်ဇင်တွင် အစဉ်အလာအရ စံထားသော ဓမ္မဓိဋ္ဌာန်ကျမှုဟူသည် လက်တွေ့ကျင့်သုံးရာ၌ မဖြစ်နိုင်ဟု ငြင်းပယ်ကြသည်။ ဗာဂျီးနီးယားတက္ကသိုလ် နိုင်ငံရေး ဦးဆောင်မှုဆိုင်ရာ ဆိုရင်ဆင်ဌာန အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး ဘော့ဂစ်ဘ်ဆင်က Advocacy ဂျာနယ်လစ်ဇင်သည် အကြောင်းရင်း ခိုင်လုံစွာရှိသူများ၊ ကမ္ဘာကြီးကို ပြောင်းလဲစေရန် လိုလားသူများနှင့် မိမိတိုင်းပြည်ကို လက်ရှိနှင့် ကွဲပြားခြားနားသော လမ်းကြောင်းပေါ်သို့ ရောက်စေလိုသူများအတွက် အလွန်တန်ဖိုးရှိသောအရာ ဖြစ်နိုင်သည်ဟု ပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ အပြောင်းအလဲများစွာ လိုအပ်နေသေးသော မြန်မာကဲ့သို့သော နိုင်ငံတွင် ဂျာနယ်လစ်ဇင်၌ ဓမ္မဓိဋ္ဌာန်ကျမှုနှင့် မှန်ကန်သော ထောက်ခံအားပေးမှု (ရပ်တည်ချက်) နှစ်ရပ်စလုံး အချိုးညီမျှစွာရှိနေရန် လိုအပ်သည်ဟု ယူဆပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
ဇန်နဝါရီ ၂၅ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်