မည်သည့်ပုံစံ၊ မည်သည့်အသွင်သဏ္ဌာန် ဖြင့်မဆို ကျူးလွန်သည့် အကြမ်းဖက်လုပ်ရပ်များကို နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် လက်မခံ ရှုံ့ချရန်ကယားပြည်နယ်တိုက်ပွဲများနှင့်ပတ်သက်၍ နိုင်ငံ ခြားရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။
အဆိုပါထုတ်ပြန်ချက်တွင် မကြာမီက ကယားပြည်နယ်တွင်ဖြစ်ပေါ်ခဲ့သည့် ပစ်ခတ် တိုက်ခိုက်မှုများနှင့်ပတ်သက်၍ စိုးရိမ် ပူပန်ကြောင်းကို နိုင်ငံအချို့နှင့်နိုင်ငံတကာ အဖွဲ့ အစည်းအချို့ကသတင်းထုတ်ပြန်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းသို့ထုတ်ပြန်ရာတွင် အချို့ကလည်း အပြုသဘောနှင့်မျှတစွာဖော်ပြချက်များရှိသကဲ့သို့ အချို့ကလည်း စိစစ်အတည်ပြုနိုင်မှုမရှိသည့်သတင်းအရင်း အမြစ်များ၊ အစိုးရအား ဆန့်ကျင်တိုက်ခိုက် နေသော အဖွဲ့အစည်းများနှင့် မီဒီယာများ၊ အ ကြမ်းဖက်အဖွဲ့အစည်းများထံမှရရှိသည့် အချက်အလက်များကိုအခြေခံပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ ဖိအားပေးရန် ရည်ရွယ်ချက်ဖြင့် ထုတ်ပြန်ထားကြောင်း တွေ့ ရှိရသည်ဟု ဖော်ပြထားသည်။
ကယားပြည်နယ်လွိုင်ကော်မြို့တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံပိုင် သတင်းစာများတွင်လည်း ဖြစ်စဉ်မှန်ကိုရှင်းလင်း အသိပေးပြီးဖြစ်ကြောင်း၊ အဆိုပါဖြစ်စဉ်သည် KNPP နှင့် PDF များကမြို့တွင်း လူနေရပ်ကွက်များအတွင်း စတင်ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပြီး၊ ယင်းသို့တိုက်ခိုက်ခဲ့ရာတွင် လူနေအဆောက်အအုံများ၊ အစိုးရပိုင်အဆောက်အအုံများ၊ ဘာသာရေး ဆိုင်ရာအဆောက်အအုံများကို အကာအကွယ်ယူ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုဖြစ်စဉ်များကြောင့် ဒေသခံပြည်သူများ အသက်ဘေးလွတ်ရာသို့ ထွက်ခွာကြရာတွင်လည်း ၎င်းအဖွဲ့များက ထွက်ခွာခွင့် မပေးဘဲ လူသားတံတိုင်းသဖွယ်အသုံးပြု အကာအကွယ်များရယူခဲ့ကြောင်း နိုင်ငံရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေ ဖြင့် KNPPနှင့် PDF များ၏ တိုက်ခိုက်မှုကို ပြန်လည်တု့ံပြန် ရာတွင် ပြည်သူများ ထိခိုက်မှုမရှိစေရန် အတတ်နိုင်ဆုံး ဆောင်ရွက်ခဲ့ကြောင်း၊ KNPP နှင့် PDF များသည် လွိုင် ကော်အကျဉ်းထောင်သို့လည်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးမြို့တွင်း၌ တည်ငြိမ်မှုပျက်ပြားစေရန် လုပ်ဆောင်ခဲ့ ကြောင်း၊ လုံခြုံရေး တပ်ဖွဲ့များသည် လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများရယူခဲ့ရကာ ၎င်းတို့အား ပြန် လည်တုံ့ပြန်ပစ်ခတ်ခဲ့ ခြင်းဖြစ်ပြီး အရပ်သားများကိုတိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် အရပ်သားများ ထိခိုက်မှုမရှိကြောင်းနှင့် အကျဉ်းထောင်ရှိ အဆောက်အအုံအချို့နှင့် အရပ်ဘက်အဆောက်အအုံ အချို့သာ ပျက်စီးမှုရှိခဲ့ကြောင်း သိရှိရသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
KNPP နှင့် PDF များ၏ လုပ်ရပ်သည် အရပ်ဘက်အဆောက်အအုံများကို အကာအကွယ်ယူ တိုက်ခိုက်ခဲ့ခြင်း၊ အရပ်သားများကို လူသားတံတိုင်းသဖွယ်အသုံးပြုခဲ့ခြင်း၊ အရပ်ဘက်ပစ်မှတ်များကို ရည်ရွယ်ချက် ရှိရှိဖြင့်တိုက်ခိုက်ခဲ့ခြင်းကြောင့် အကြမ်းဖက်မှုများကို ကျူးလွန်ခြင်းဖြစ်သည်ဟုဆိုကာ နိုင်ငံ ခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။















