ပခုက္ကူသီးနှံစျေးကွက်အတွင်း နှမ်းစျေးနှုန်း ထပ်မံမြင့်တက်နေပြီး စမုန်နက်တစ်တင်း ကျပ် ၇၀၀၀၀ အထိ ပေါက်စျေးရှိ

ပခုက္ကူသီးနှံစျေးကွက်အတွင်း နှမ်းစျေးနှုန်း ထပ်မံမြင့်တက်နေပြီး စမုန်နက်တစ်တင်း ကျပ် ၇၀၀၀၀ အထိ ပေါက်စျေးရှိ
မကွေးတိုင်းဒေသကြီးအတွင်းရှိ နှမ်းတောင်သူများ လုပ်ငန်းခွင်ဝင်နေသည်ကို တွေ့ရစဉ်
မကွေးတိုင်းဒေသကြီးအတွင်းရှိ နှမ်းတောင်သူများ လုပ်ငန်းခွင်ဝင်နေသည်ကို တွေ့ရစဉ်
Published 19 January 2022
သက်ထိန်ဝင်း

ပခုက္ကူသီးနှံစျေးကွက်အတွင်း ဇန်နဝါရီလတတိယပတ်၌ နှမ်းစျေးနှုန်းများ ပြန်လည်မြင့်တက်လာပြီး ဇန်နဝါရီ ၁၉ ရက်တွင် နှမ်းစမုန်နက်ထိပ်စတစ်တင်း ကျပ် ၇၀၀၀၀ အထိ ပေါက်စျေးရှိကြောင်း ပခုက္ကူကုန်စည်ဒိုင် စျေးနှုန်းများအရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလပထမပတ်အတွင်း နှမ်းနက်စျေးနှုန်းများကျဆင်းခဲ့ရာ နှမ်း စမုန်နက်ထိပ်စတစ်တင်း ကျပ်ခြောက်သောင်းဝန်းကျင်အထိ ရောက်ရှိခဲ့ပြီး ဇန်နဝါရီဒုတိယပတ်မှစတင်၍ စျေးနှုန်းများ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“နှမ်းစျေးတွေက အကုန်တက်တယ်။ ရက်အလိုက် နည်းနည်းချင်း တက်လာတာကနေ ဒီလထဲမှာ တစ်တင်း တစ်သောင်းလောက်အထိ တက်သွားတာပေါ့။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာတုန်းကဆိုရင် တစ်တင်း ခြောက်သောင်းလောက်အထိ ရောက်သွားတယ်။ ထိပ်စလည်း ထိပ်စစျေးတက်သလို အရည်အသွေးလိုက် သူ့စျေးတန်းနဲ့သူ ရောင်းကြဝယ်ကြတယ်။ အဓိကတော့ တရုတ်သမားဝယ်တာပဲ။ အခုရက်ပိုင်း နယ်စပ်တွေ ပြန်ပွင့်တော့ အရောင်းအဝယ်သွက်တယ်။ ဒီစျေးက တောင်သူရော ကုန်သည်ရော အဆင်ပြေမှာပါ” ဟု ပခုက္ကူမြို့မှ သီးနှံရောင်းဝယ်သူတစ်ဦးက ဆိုသည်။

ပခုက္ကူကုန်စည်ဒိုင်စျေးကွက်အတွင်း ဇန်နဝါရီ ၁၉ ရက်တွင် နှမ်းနက်စမုန်ထိပ်စ တစ်တင်း ကျပ် ၆၉၀၀၀ - ၇၀၀၀၀၊ နှမ်းနက် စမုန်ရိုးရိုးတစ်တင်း ကျပ် ၄၅၀၀၀- ၆၆၀၀၀ နှင့် နှမ်းနက်ဂွတစ်တင်း ကျပ် ၄၇၀၀၀ ပေါက်စျေး ရှိကြောင်း သိရသည်။

 “စမုန်နက်တစ်တင်း ခုနစ်သောင်းစျေးက ပေါ်စတုန်းက စျေးပဲ။ ဒီစျေးတန်းကတော့ တောင်သူ အဆင်ပြေပါတယ်။ ပေါ်တာလည်း ကြာပြီဆိုတော့ တောင်သူလက်ထဲမှာ နှမ်းက အများကြီးတော့ မကျန်တော့ဘူး။ တောင်သူကြီးတွေနဲ့ စျေးကျတုန်းက မရောင်းဘဲ စျေးအတက်စောင့်တဲ့သူလောက်ပဲ ကျန်တာ” ဟု တောင်သူ ကိုမြင့်နိုင်က ပြောကြားသည်။

ပခုက္ကူစျေးကွက်တွင် အများအပြားဝင်ရောက်နေသည့် ပဲစင်းငုံမှာ ယခုရက်ပိုင်းတွင် တစ်တင်းလျှင် ကျပ် ၄၀၀၀၀ အထက် ပေါက်စျေးရှိပြီး ၂၀၁၇ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးစျေးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent