လက်ရှိဘဏ္ဍာနှစ် ဇန်နဝါရီ ၇ ရက်အထိ မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၄ ဒသမ ၇၂၄ သန်းရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာတစ်သန်းကျော် လျော့ကျ

လက်ရှိဘဏ္ဍာနှစ် ဇန်နဝါရီ ၇ ရက်အထိ မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၄ ဒသမ ၇၂၄ သန်းရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာတစ်သန်းကျော် လျော့ကျ
Published 18 January 2022

လက်ရှိဘဏ္ဍာနှစ် ဇန်နဝါရီ ၇ ရက်အထိ ကာလအတွင်း မြန်မာ-ထိုင်းနယ်စပ် မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၄ ဒသမ ၇၂၄ သန်းရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ တစ်သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဇန်နဝါရီ ၇ ရက်အထိ မောတောင်နယ်စပ်မှ ပို့ကုန်ဒေါ်လာ ၄ ဒသမ ၃၄၈ သန်း၊ သွင်းကုန်ဒေါ်လာ သုည ဒသမ ၃၇၆ သန်းဖြင့် ကုန်သွယ်မှုဒေါ်လာ ၄ ဒသမ ၇၂၄ သန်း ရရှိခဲ့သည်။ ယခင်နှစ်ကာလတူက ပို့ကုန် ဒေါ်လာ ၅ ဒသမ ၂၁၆ သန်း၊ သွင်းကုန်ဒေါ်လာ သုည ဒသမ ၈၂၃ သန်းဖြင့် ကုန်သွယ်မှု ဒေါ်လာ ၆ ဒသမ ၀၃၉ သန်း ရရှိခဲ့သည်။ အဆိုပါ ကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက လက်ရှိဘဏ္ဍာနှစ် ဇန်နဝါရီ ၇ ရက်အထိမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁ ဒသမ ၃၁၅ သန်း လျော့ကျခဲ့သည်။

COVID-19 ကြောင့်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ်မှုဒေါ်လာ သန်း ၅၁၀၀ ကျော်သာ ရှိပြီး ယခင်နှစ်ထက် ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၃၅၀ ကျော်လျော့ကျခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာဘက်မှ ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၃၀၉၅ ဒသမ ၉၈၈ သန်းရှိသည်။ ထိုင်းဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၂၀၂၁ ဒသမ ၉၂၅ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၅၁၁၇ ဒသမ ၉၁၃ သန်း ရရှိထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာ ၅၄၆၅ ဒသမ ၁၇၃ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၃၂၇၇ ဒသမ ၅၇၅ သန်း တင်ပို့ထားပြီး ထိုင်းဘက်မှ သွင်းကုန်တန်ဖိုးဒေါ်လာ ၂၁၈၇ ဒသမ ၅၉၈ သန်း တင်သွင်းထားသည်။

၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာ-ထိုင်းနှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာ ၂၉၅၈ ဒသမ ၀၃၉ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၅၅၉ ဒသမ ၄၅၄ သန်းတင်ပို့ထားပြီး ထိုင်းဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၃၉၈ ဒသမ ၅၈၅ သန်း တင်သွင်းထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုဒေါ်လာ ၅၀၇၄ ဒသမ ၇၀၇ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန် တန်ဖိုးဒေါ်လာ၂၈၄၆ ဒသမ ၀၆၆ သန်း တင်ပို့ထားပြီး ထိုင်းဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၂၂၂၈ ဒသမ ၆၄၁ သန်းတင်သွင်းထားသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုဒေါ်လာ ၄၂၈၈ ဒသမ ၁၇၂ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန် တန်ဖိုး ဒေါ်လာ ၂၂၁၂ ဒသမ ၂၃၄ သန်း တင်ပို့ထားပြီး ထိုင်းဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၂၀၈၅ ဒသမ ၉၃၈ သန်း တင်သွင်းထားသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) ၂၀၂၀-၂၀၂၅ မူဘောင်သည် မြန်မာနိုင်ငံ၏ မိုက်ခရို၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ပြည်တွင်းနှင့် ကမ္ဘာ့စီးပွားရေးစျေးကွက်တွင် လက်ရှိတင်ပို့ ရောင်းချနေသူများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏ အဓိကဦးစားပေးကဏ္ဍများတွင် လယ်ယာထွက်ကုန်ပစ္စည်း အခြေခံစားသောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့် လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှု သတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍ၊ တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင်ဆောင်ရွက်ခြင်းကဏ္ဍ စသည်တို့လည်း ပါဝင်သည်။

Most Read

Most Recent