ကယားပြည်နယ်ရှိ လူဦးရေ ၁၇၀၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများ လိုအပ်နေဟု ဆို

ကယားပြည်နယ်ရှိ လူဦးရေ ၁၇၀၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများ လိုအပ်နေဟု ဆို
Published 12 January 2022

ကယားပြည်နယ်ရှိ လူဦးရေ ၁၇၀၀၀၀ ကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အကူအညီများလိုအပ်နေကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ WLB) ၏ ဇန်နဝါရီ ၁၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖရူဆို၊ မိုးဗြဲတို့တွင် တိုက်ပွဲများ ပြင်းထန်လာသဖြင့် ပြည်သူလူထု နှစ်သိန်းနီးပါး စစ်ဘေးတိမ်းရှောင်နေရပြီး စားဝတ်နေရေး၊ နေရာထိုင်ခင်းများ၊ အသုံးအဆောင်ပစ္စည်းများ လိုအပ်လျက်ရှိကြောင်း သိရသည်။

“ ဟုတ်ပါတယ်။ လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲနဲ့ ဖရူဆိုတို့မှာ ထွက်ပြေးနေတာ လူဦးရေ တစ်သိန်းခုနှစ်သောင်းကျော်ကနေ အခုဆိုရင် နှစ်သိန်းနီးပါးတောင် ရှိတော့မယ်။ ရှမ်းပြည်နယ်တောင်ပိုင်း မြို့နယ်များမှာ တိမ်းရှောင်နေကြပါတယ်” ဟု စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ တောက်လျှောက်ပဲ ကားတွေနဲ့ သွားနေကြတယ်။ မနေ့ကလည်း သွားတယ်။ ဒီနေ့လည်း သွားတယ်။ လွိုင်ကော်မြို့ကြီး ခြောက်ကပ်နေပြီ။ နေ့စဉ်နဲ့အမျှပဲ ဒီးမော့ဆိုလမ်း၊ ပင်လောင်းလမ်း၊ တောင်ကြီးလမ်းရော သွားနေကြတာ မရေတွက်နိုင်တော့ဘူး။ ရပ်ကွက်တိုင်း အနည်းငယ်တော့ အစောင့်ချန်ခဲ့တာပေ့ါ” ဟု လွိုင်ကော်မြို့မှ ကူညီကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က ပြောကြားသည်။

ဇန်နဝါရီ ၁၁ ရက်တွင် လွိုင်ကော်မြို့တွင်းမှာ ခြောက်ကပ်နေပြီး လူဦးရေ လေးပုံသုံးပုံခန့်မှာ တိမ်းရှောင်နေကြရခြင်းရှိကြောင်း လွိုင်ကော်မြို့တွင်းတွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။