အာဖရိကကို ကြွေးမြီထောင်ချောက်ဆင်နေခြင်းမဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

အာဖရိကကို ကြွေးမြီထောင်ချောက်ဆင်နေခြင်းမဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
 ဇန်နဝါရီ ၆ ရက်က ကင်ညာနိုင်ငံ မွမ်ဘာဆာမြို့ရှိ Sarova WHitesands ဟိုတယ်သို့ ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ရောက်ရှိလာသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိအား တွေ့ရစဉ် Photo:AP
ဇန်နဝါရီ ၆ ရက်က ကင်ညာနိုင်ငံ မွမ်ဘာဆာမြို့ရှိ Sarova WHitesands ဟိုတယ်သို့ ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ရောက်ရှိလာသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိအား တွေ့ရစဉ် Photo:AP
Published 7 January 2022
Ref: AFP

တရုတ်အစိုးရသည် အာဖရိကနိုင်ငံများကို လှည့်ဖြားပြီး ချေးငွေအများအပြား ထုတ်ပေးကာ ကြွေးမြီထောင်ခြောက်ဆင်နေသည် ဆိုသည့် ပြောကြားချက်များကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဇန်နဝါရီ ၆ ရက်တွင် ငြင်းဆိုခဲ့ပြီး ယင်းပြောကြားချက်များသည် ဆင်းရဲမွဲတေမှုကို လျှော့ချရာတွင် ပြိုင်ဘက် များ၏ ဇာတ်လမ်းဆင်ပြောကြားမှုများသာဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။

ကင်ညာနိုင်ငံတွင် တရုတ်အစိုးရက ငွေကြေးထောက်ပံ့ထားသည့် အခြေခံအဆောက်အအုံ စီမံကိန်းများကို မသွားရောက်မီ အချိန်တွင် ဝမ်က အာဖရိကကို ငွေချေးရန် တရုတ်၏ ဆုံးဖြတ်ချက်သည် အပြန်အလှန် အကျိုးဖြစ်ထွန်းစေပြီး သံတမန်ရေးနှင့် စီးပွားရေးအရ အခွင့်အရေးယူသည့် မဟာဗျူဟာတစ်ခုမဟုတ်ကြောင်း ပြောကြားခဲ့သည်။

“အပြင်မှာ ပြောနေကြတာတွေဟာ အထောက်အထားခိုင်လုံမှုမရှိဘဲ ထင်ကြေးပေး ပြောဆိုနေကြတာဖြစ်ပါတယ်”ဟု ဝမ်က ကင်ညာနိုင်ငံ၏ ဆိပ်ကမ်းမြို့ မွန်ဘာဆာတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

“အဲဒီပြောကြားချက်တွေဟာ အာဖရိကမှာ ဖွံ့ဖြိုးတိုးတက်မှုတွေကို မမြင်ချင်တဲ့သူတွေရဲ့ လုပ်ကြံဇာတ်လမ်းတွေဖြစ်ပါတယ်။ တကယ်လို့ ထောင်ချောက်တစ်ခုခုရှိခဲ့မယ်ဆိုရင် အဲဒါဟာ ဆင်းရဲမွဲတေမှုနဲ့ ဖွံ့ဖြိုးမှုနိမ့်ကျမှုကို ပြောရမှာဖြစ်ပါတယ်”ဟု ဝမ်က ပြောကြားခဲ့သည်။

အီရစ်ထရီးယား၊ ကင်ညာနှင့် ကိုမိုရော့စ် နိုင်ငံများသို့ သွားရောက်သည့် ဝမ်ယိ၏ အာဖရိက သုံးနိုင်ငံ ခရီးစဉ်သည် နိုဝင်ဘာလက အာဖရိကတွင် တရုတ်၏ သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန် ရည်ရွယ်ချက်ဖြင့် အမေရိကန် နိုင်ငခြားရေးဝန်ကြီး၏ အာဖရိကခရီးစဉ်ပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

တရုတ်သည် အာဖရိက၏ အကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံဖြစ်ပြီး ၂၀၁၉ ခုနှစ် အတွင်း တိုက်ရိုက်ကုန်သွယ်မှုတန်ဖိုးမှာ ဒေါ်လာ ၂၀၀ ဘီလျံကျော်ရှိခဲ့သည်ဟု တရုတ်အစိုးရက ထုတ်ပြန်သည့် တရားဝင် စာရင်းများတွင် ဖော်ပြခဲ့သည်။

တရုတ်သည် ကမ္ဘာ့ဘဏ်ပြီးလျှင် ကင်ညာနိုင်ငံကို ဒုတိယအကြီးဆုံး ငွေထုတ်ချေးသူဖြစ်ပြီး ကင်ညာအစိုးရ ပြန်ဆပ်နိုင်မည့် ပမာဏထက်ပိုသည့် ချေးငွေများကို ထုတ်ပေးခဲ့ကာအကုန်အကျများသည့် အခြေခံအ ဆောက်အအုံစီမံကိန်းများကို ငွေကြေးထောက်ပံ့ခဲ့သည်။

မွမ်ဘာဆာမြို့တွင် ဝမ်သည် အစိုးရဝန်ကြီးများနှင့် တံခါးပိတ်အစည်းအဝေးပြုလုပ်ခဲ့ကာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကျန်းမာရေး၊ လုံခြုံရေး၊ ရာသီဥတုအရေးနှင့် အစိမ်းရောင်နည်းပညာလွှဲပြောင်းရေးတို့ တွင် သဘောတူညီမှုများရရှိခဲ့ပြီး လက်မှတ်ရေးထိုးခဲ့သည်။

ဝမ်သည် ဇန်နဝါရီ ၅ ရက်တွင် အီရစ်ထရီးယားနိုင်ငံမှ ကင်ညာနိုင်ငံသို့ရောက်ရှိခဲ့ခြင်းဖြစ်ကာ ဇန်နဝါရီ ၆ ရက်တွင် ကိုမိုရော့စ် နိုင်ငံသို့ ရောက်ရှိခဲ့သည်။

ဝမ်၏ အာဖရိကခရီးစဉ်နှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ်က အမေရိကန်သည် အာဖရိကနိုင်ငံများနှင့် ရေရှည်တည်တံ့ပြီး ပွင့်လင်းမြင်သာမှုရှိသည့် ပူးပေါင်းဆောင်ရွက် မှုများကို လုပ်ဆောင်ရန် ကတိကဝတ်ထားရှိ ခဲ့ပြီးဖြစ်ကာ အာဖရိကနိုင်ငံများကိုလည်း အမေရိကန်နှင့် တရုတ်အကြား မည်သည့် ဘက်နေရန် ရွေးချယ်ခိုင်းမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

“အမေရိကန်နဲ့ အာဖရိကနိုင်ငံတွေ အကြား မိတ်ဖက်ဆက်ဆံမှုပုံစံကတော့ အပြန်အလှန် အခွင့်အလမ်းတွေနဲ့ အပြန်အလှန် လေးစားမှုတွေအပေါ်ကို အခြေခံထားတာပါ”ဟု ပရိုက်စ်က ပြောကြားခဲ့သည်။

                            

Most Read

Most Recent