တရားဥပဒေနှင့် တရားမျှတမှု

တရားဥပဒေနှင့် တရားမျှတမှု
Published 5 January 2022

“တရားဥပဒေကို တရားမျှတမှုနဲ့ ဘယ်တော့မှ မမှားပါနဲ့။ တရားမျှတမှုဆိုတာ စံထားစရာဖြစ်ပြီး တရားဥပဒေက လက်နက်ကိရိယာပါ”

အယ်လ်အီးမာဒက်ဆစ်ဂျူနီယာ (၁၉၄၃ ခုနှစ် - ဖွား) အမေရိကန်စာရေးဆရာ

တရားဥပဒေနှင့် တရားမျှတမှုဟူသည့် စကားလုံးနှစ်ရပ်သည် အနီးကပ်ဆက်နွှယ်လျက်ရှိသည်။ ယင်းစကားလုံးနှစ်ရပ်ကို လူအများအပြားက အတူတူပင်ဖြစ်သည်ဟု ယုံကြည်လျက်လည်းကောင်း၊ တူညီသောအရာတစ်ရပ်ကို ရည်ညွှန်းခြင်းဖြစ်သည်ဟု ယုံကြည်လျက်လည်းကောင်း ရောထွေးတတ်ကြသည်။ သို့သော် ထိုကဲ့သို့ မဟုတ်ပါ။ တရားဥပဒေဟူသည် အခြေခံသဘောအရ မည်သည့်အရာသည် မှန်ကန်၍ မည်သည့်အရာသည် မှားယွင်းသည်ဟု သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများဖြစ်ပြီး တရားမျှတမှုဟူသည် အချိန်တစ်ခု၌ အမှားအမှန်နှင့်ဆိုင်သော အခြေအနေရပ်များကို စဉ်းစားခြင်းဖြစ်သည်။ တရားဥပဒေဟူသည် စနစ်တစ်ရပ်ဖြစ်ပြီး တရားမျှတမှုဟူသည် စနစ်၏ အခြေခံဖြစ်သော သဘောတရားဖြစ်သည်။

မျှတခြင်းဟူသည်ကိုဆုံးဖြတ်သည့် ဥပဒေရေးရာ သို့မဟုတ် ဒဿနိကဆိုင်ရာ သဘောတရားကို တရားမျှတမှု (Justice) ဟုခေါ်သည်။ တရားမျှတမှုဟူသည့် သဘောတရားသည် ယဉ်ကျေးမှုများအလိုက် ကွဲပြားခြားနားကြသည်။ တရားမျှတမှုဆိုင်ရာ အစောပိုင်းသဘောတရားတစ်ရပ်ကို ရှေးခေတ်ဂရိတွေးခေါ်ရှင် ပလေတိုက သူ၏ Republic ကျမ်းတွင် ဖော်ပြခဲ့သည်။ သို့သော်ရှေးခေတ်က တရားမျှတမှုဟူသည် ဘုရားသခင်ထံမှ လာသည်ဟုဆိုကာ ပလေတိုကို ငြင်းဆိုခဲ့ကြသည်။ ၁၇ ရာစုတွင် ဂျွန်လော့က်ကဲ့သို့သော သဘောတရားရေးရာပညာရှင်များက သဘာဝဥပဒေသကို အဆိုပြုခဲ့ကြသည်။ လူမှုရေးဆိုင်ရာ သဘောတူညီမှုအစဉ်အလာကို စဉ်းစားသော တွေးခေါ်ရှင်များက တရားမျှတမှုဟူသည် လူတိုင်းနှင့်သက်ဆိုင်သော အပြန်အလှန်သဘောတူညီချက်တစ်ရပ်မှ ဆင်းသက်လာသည်ဟု အဆိုပြုကြသည်။ ၁၉ ရာစုတွင် ဂျွန်စတူးအက်မေးအပါအဝင် လက်တွေ့အသုံးကျမှုဝါဒီများက အကောင်းဆုံး အကျိုးဆက်များရှိသည့်အရာကို တရားမျှတမှုဟု ခေါ်သည်ဟု ဆိုလာကြသည်။ ဖြန့်ဝေနိုင်သော တရားမျှတမှု သဘောတရားများသည် မည်သည့်အရာကို ဖြန့်ဝေမည်နည်း၊ မည်သူတို့အကြား ဖြန့်ဝေမည်နည်းနှင့် သင့်တော်မှန်ကန်သောဖြန့်ဝေမှုက အဘယ်နည်းဟူသည်တို့နှင့် သက်ဆိုင်သည်။

သာတူညီမျှရေးဝါဒီများက တရားမျှတမှုဟူသည် သာတူညီမျှမှု အဝန်းအဝိုင်းထဲ၌သာ တည်ရှိနိုင်ကြောင်း အဆိုပြုကြသည်။ ဂျွန်လော့က်ကမူ တရားမျှတမှုဟူသည် မျှတမှုဆိုင်ရာ ပုံစံတစ်ရပ်ဖြစ်ကြောင်း ပြသရန် လူမှုရေးဆိုင်ရာ သဘောတူညီချက်အဆိုတစ်ခုကို အသုံးပြုခဲ့သည်။ ရောဘတ်နိုဇစ်ကဲ့သို့သော ပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေးသဘောတရားရေးရာပညာရှင်များက ဖြန့်ဝေမှုဆိုင်ရာ တရားမျှတမှုနှင့်ပတ်သက်၍ ယထာဘူတရှိမှုကို ဖြိုခွဲလျက် ပိုင်ဆိုင်မှုအခွင့်အရေးအပေါ် အခြေခံသည့် တရားမျှတမှုသည် စီးပွားရေးစနစ်တစ်ရပ်၏ လွှမ်းခြုံသဘောကြွယ်ဝမှုကို အမြင့်ဆုံးဖြစ်အောင် ပြုလုပ်ပေးကြောင်း အဆိုပြုခဲ့သည်။ ပြန်လည်ဖြန့်ဝေရေးဆိုင်ရာ တရားမျှတမှုနှင့်ပတ်သက်သော သဘောတရားများသည် မကောင်းမှုပြုလုပ်ခြင်းအတွက် အပြစ်ဒဏ်ပေးခြင်းနှင့် ပတ်သက်၍လာသည်။ တရားမျှတမှုကို ပြန်လည်ထိန်းသိမ်းခြင်းဟူသည် မည်သည့်အရာသည် ကောင်းမှုဖြစ်သနည်းဟူသည်ကို ပြန်လည်ထိန်းသိမ်းရန် အဓိကထားပြီး ခံရသူများနှင့် ကျူးလွန်သူများဟူသော လိုအပ်ချက်များအပေါ် မဖြစ်မနေ အာရုံပြုလာရသည်။

တရားဥပဒေများကို အုပ်ချုပ်ရေးအပြုအမူအဖြစ် လူမှုရေးအင်စတီကျူးရှင်းများက ချမှတ်ထားခြင်းဖြစ်ပြီး စည်းမျဉ်းများနှင့် လမ်းညွှန်ချက်များဖြစ်ကြသည်။ ယင်းတရားဥပဒေများကို အစိုးရအရာရှိများက ပြုလုပ်ကြသည်။ တရားဥပဒေများကို အားလုံးက လိုက်နာကြရသည်။ တရားဥပဒေ၌ လိုက်နာရမည့် စံသတ်မှတ်ချက်များ၊ လုပ်ငန်းစဉ်များနှင့် သဘောတရားစည်းမျဉ်းများ ပါဝင်သည်။ တရားမျှတမှုဟူသည် တန်းတူညီမျှမှု၊ ဖြောင့်မတ်မှန်ကန်မှု၊ ကျင့်ဝတ်များနှင့် ကိုယ်ကျင့်တရားများ အစရှိသည်တို့အပေါ် အခြေခံသည့် သဘောတရားဖြစ်သည်။ တရားမျှတမှုဟူသည့် သဘောတရားသည် လူတိုင်းအား အညီအမျှနှင့် တူညီစွာ ဆက်ဆံရမည်ဟု သတ်မှတ်ထားသည်။ တရားမျှတမှုဟူသည် တရားဥပဒေ၏ ကြီးမားသောအစိတ်အပိုင်းဖြစ်ပြီး တရားဥပဒေ၏ ရှုထောင့်အားလုံးနီးပါးသည် တရားမျှတမှုဟူသည့် သဘောတရားပေါ်၌ အခြေခံသည်။

မည်သို့ပင်ဖြစ်စေ၊ အခြေခံသဘောအရ တရားဥပဒေဟူသည် တရားမျှတမှုဟူသည့် သဘောတရားအပေါ် အခြေခံထားခြင်းသာဖြစ်၍ မည်သည့်တရားဥပဒေမဆို တရားမျှတမှုရှိရေးသည်သာ အဓိကဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇန်နဝါရီ ၆ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အဘော်