ပြွန်တန်ဆာမြို့တွင် လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး လက်လုပ်မိုင်းတပ်ဆင်နေသူ လေးဦး သေဆုံး၊ တစ်ဦးဒဏ်ရာရရှိကြောင်း နစက ထုတ်ပြန်

ပြွန်တန်ဆာမြို့တွင် လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး လက်လုပ်မိုင်းတပ်ဆင်နေသူ လေးဦး သေဆုံး၊ တစ်ဦးဒဏ်ရာရရှိကြောင်း နစက ထုတ်ပြန်
Published 3 January 2022

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့တွင် လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး လက်လုပ်မိုင်း တပ်ဆင်နေသူ လေးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ပြွန်တန်ဆာမြို့ မြို့မ(၃)ရပ်ကွက်၌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ည ၇ နာရီခွဲ ခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ မြို့မ(၃)ရပ်ကွက်ရှိ ဦးစိုးသိန်း ပိုင်ဆိုင်သည့် RC တစ်ထပ်တိုက် ဘယ်ဘက်ခြမ်းတွင် အောင်ပြည့်စုံထွန်း၊ ကျော်စွာနှင့် စည်သူထွန်းတို့ သုံးဦးအား ခန္ဓာကိုယ်အနှံ့ မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေပြီး အောင်မြင့်မြတ်ထွန်းတွင် ခန္ဓာကိုယ်အောက်ပိုင်း၌ မိုင်းစထိမှန်ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရကြောင်း သတင်းထုတ်ပြန်မှု အရသိရသည်။

ထို့နောက်အဆိုပါဖြစ်စဉ်အား ဒဏ်ရာရရှိထားသည့်  အောင်မြင့်မြတ်ထွန်းကို မေးမြန်းခဲ့ရာ ၎င်းသည် ဦးစိုးသိန်း၏သားဖြစ်သူ ဇင်ကိုလွင်(၂၆)နှစ်၊ အောင်ပြည့်စုံထွန်း၊ ကျော်စွာ၊ စည်သူထွန်းတို့နှင့် အတူ ဖောက်ခွဲ မှုများတွင် အသုံးပြုရန်အတွက် လက်လုပ်မိုင်း တပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဆေးကုသမှုခံယူနိုင်ရေး ပြွန်တန်ဆာမြို့ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့အတူ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်နေအိမ်အား အသေးစိတ်ဆက်လက် စစ်ဆေးခဲ့ရာ ပေါက်ကွဲမှုဖြစ်ထားသည့်‌ နေရာအနီးမှ ပျက်စီးနေသော ပစ္စတိုသေနတ် တစ်လက်နှင့် ကျည်နှစ်တောင့်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်တွင်ပါဝင်ပြီး ပျောက်ဆုံးနေသည့် ဇင်ကိုလွင်အား ၎င်းနေအိမ်၏ အမြင့် ၁၂ ပေခန့်ရှိ အမိုးပေါ်တွင် ခန္ဓာကိုယ် အနှံ့မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ထပ်မံတွေ့ရှိခဲ့ရကြောင်း သတင်း ထုတ်ပြန်မှုအရ သိရသည်။

အထက်ပါဖြစ်စဉ်တွင် လက်လုပ်မိုင်း တပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားကာ သေဆုံးခဲ့သည့် ဇင်ကိုလွင်အပါအဝင် အမျိုးသား လေးဦး၏ ရုပ်အလောင်းများကို ပြွန်တန်ဆာ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းနှင့်  ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

Most Read

Most Recent