မန္တလေးစျေးကွက်တွင် ပေါ်ဦးပေါ်ဖျားမြေထောက်ပဲ ယခင်နှစ်များထက် အဖွင့်စျေးကောင်းရနေပြီး သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၄၀၀၀၀ ဖြင့် စတင်စျေးဖွင့်

မန္တလေးစျေးကွက်တွင် ပေါ်ဦးပေါ်ဖျားမြေထောက်ပဲ ယခင်နှစ်များထက် အဖွင့်စျေးကောင်းရနေပြီး သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၄၀၀၀၀ ဖြင့် စတင်စျေးဖွင့်
ဟုမ္မလင်းမြို့နယ်တွင်  တောင်သူများ မြေထောက်ပဲရိတ်သိမ်းနေသည်ကို တွေ့ရစဉ်(ဓာတ်ပုံ- မဖေငြိမ်း)
ဟုမ္မလင်းမြို့နယ်တွင်  တောင်သူများ မြေထောက်ပဲရိတ်သိမ်းနေသည်ကို တွေ့ရစဉ်(ဓာတ်ပုံ- မဖေငြိမ်း)
Published 3 January 2022
မင်းလတ်

၂၀၂၂ နှစ်ဆန်းပိုင်းတွင် ပေါ်ဦးပေါ်ဖျား မြေထောက်ပဲ မန္တလေးစျေးကွက်တွင် ယခင်နှစ်များထက် အဖွင့်စျေးကောင်းရနေပြီး လက်ရှိရာသီအဖွင့်စျေး သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၄၀၀၀၀ ဖြင့် စတင်ဖွင့်လှစ်ခဲ့သည်ဟု မန္တလေးမြို့ ပဲကုန်သည်များထံမှ သိရသည်။

အဆိုပါပဲများမှာ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်း ယခုကဲ့သို့ ပေါ်ခါစအချိန်က မြေထောက်ပဲအသစ်မှာ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၀၅၀၀၀ စျေးရှိပြီး ယခုနှစ်တွင် သိသာထင်ရှားစွာ မြေထောက်ပဲကို ဇန်နဝါရီပထမပတ်တွင် စျေးစတင်ဖွင့်လှစ်ခြင်း သုံးတင်းဝင်တစ်အိတ်ကို ကျပ် ၁၄၀၀၀၀ ဖြင့် စျေးဖြင့် စျေးကောင်းရနေသည်ဟု ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့် ပွဲရုံ) က ပြောကြားသည်။

“၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်း ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး စျေးကွက်ထဲ နှစ်ဦးမှာ မြေထောက်ပဲအသစ်တွေ စတင်ဝင်ရောက်လာတယ်။ ဗန်းမော်၊ ကသာနယ်တွေဘက်ကနေ ဝင်ရောက်လာတယ်။ နှစ်စဉ်နှစ်တိုင်း ဇန်နဝါရီလက စတင်ပြီး ပဲအသစ်ပေါ်ပါတယ်။ မြေထောက်ပဲကို ဧရာဝတီမြစ်ဝှမ်း၊ ချင်းတွင်းမြစ်ဝှမ်းတွေမှာ စိုက်ပျိုးကြတယ်။ သိပ်ပြီး ပူလွန်းတဲ့ဒေသတွေမှာ စိုက်ပျိုးလို့မရဘူး။ ကသာ၊ ထီးချိုင့်နယ်အောက်ပိုင်းဆို စိုက်ပျိုးလို့ မရဘူး။ ရာသီဥတုမျှတတဲ့နေရာတွေမှာ စိုက်ပျိုးလို့ရတယ်။ မြေထောက်ပဲကို တစ်နှစ်မှတစ်ခါသာ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးကြတယ်။ အဓိက စျေးကွက်က အိန္ဒိယဘက်ကို အမှီပြုပြီး ပြည်ပ ပို့ကုန်ပဲဖြစ်တယ်။ အိန္ဒိယနိုင်ငံကလည်း ထုတ်ပိုးမှုတွေ ပြုပြင်ပြောင်းလဲပြီး အရှေ့အလယ်ပိုင်း အာရပ်တိုင်းပြည်တွေကို တင်ပို့နေတာ ဖြစ်တယ်။ မြေထောက်ပဲကို လွန်ခဲ့နှစ်လေးနှစ်လောက်ကစပြီး တရုတ်ပြည်ကို စတင်တင်ပို့ရာကနေ လက်ရှိအချိန်ထိ အိန္ဒိယနဲ့ တရုတ်နိုင်ငံကို ပို့ကုန့အဖြစ်နဲ့ တင်ပို့နေပါတယ်။ မနှစ်က မြေထောက်ပဲက သုံးတင်းဝင်တစ်အိတ်ကို ကျပ်  ၁၆၀၀၀၀ အထိ စျေးနှုန်းမြင့်တက်ခဲ့တယ်။ အခု ပေါ်ပေါ်ခြင်း ၁၄၀၀၀၀ စျေးရှိပါတယ်။ ဒီနှစ်က ရာသီဥတုကကောင်းပြီး ပိုးမွှားဖျက်ဆီးမှုနည်းတော့ အထွက်နှုန်းကောင်းမယ်လို့ ခန့်မှန်းရပါတယ်။ မြေထောက်ပဲက ပြည်တွင်းစားသုံးမှုနည်းပြီး ပြည်ပဝင်ငွေရရှိအောင်လုပ်ပေးတဲ့ ပဲဖြစ်ပါတယ်။ မြေထောက်ပဲ လှိုင်လှိုင်ပေါ်တဲ့အချိန်က ဖေဖော်ဝါရီ၊ မတ်လတို့ဖြစ်တယ်။ မြေထောက်ပဲ ကာလတူနှိုင်းယှဉ်ရင် မနှစ်က အဖွင့်စျေးထက် ကျပ် ၄၀၀၀၀ ခန့် စျေးပိုရနေပြီး အဖွင့်စျေးကောင်းနေတယ်” ဟု  ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ) က ပြောကြားသည်။

မြေထောက်ပဲသည် မိုးများသည့်ဒေသများနှင့်အပူပိုင်းဒေသများတွင် စိုက်ပျိုး၍မရဘဲ ရာသီဥတု သင့်တင့်မျှတသည် ဧရာဝတီမြစ်ရိုး အထက်ပိုင်း မတ္တရာ၊ စဥ့်ကူးအထက်ပိုင်းမှ စပြီး ကသာ၊ ဗန်းမော်ဒေသအထိ စိုက်ပျိုးကြသည်။ ချင်းတွင်းမြစ်ရိုးအထက်ပိုင်း ကလေး၊ ကလေးဝတို့တွင် စိုက်ပျိုးကြပြီး မြန်မာနိုင်ငံတွင် ကသာ၊ ဗန်းမော်ဒေသမှထွက်သည့် မြေထောက်ပဲသည် အရောင်ညို့ အလုံးကြီးပြီး စျေးကွက်ဝင် အကောင်းဆုံးမြေထောက်ပဲနှင့် ပခုက္ကူ၊ မြစ်ခြေနယ်တို့မှထွက်ရှိသည့် ပဲယင်းများမှာ စျေးကွက်တွင် အကောင်းဆုံးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent