ပခုက္ကူသီးနှံစျေးကွက်အတွင်း ပဲစင်းငုံအသစ်များ စတင်ဝင်ရောက်နေပြီး တစ်တင်း ကျပ်၂၅၀၀ ခန့် စျေးမြင့်တက်လာ

ပခုက္ကူသီးနှံစျေးကွက်အတွင်း ပဲစင်းငုံအသစ်များ စတင်ဝင်ရောက်နေပြီး တစ်တင်း ကျပ်၂၅၀၀ ခန့် စျေးမြင့်တက်လာ
ပဲစင်းငုံ ခြွေလှေ့နေသည့် တောင်သူများကို တွေ့ရစဉ်
ပဲစင်းငုံ ခြွေလှေ့နေသည့် တောင်သူများကို တွေ့ရစဉ်
Published 3 January 2022
သက်ထိန်ဝင်း

ပခုက္ကူသီးနှံစျေးကွက်အတွင်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ပဲစင်းငုံအသစ်များ စတင်ဝင်ရောက်လာပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလဆန်းပိုင်း၌ တစ်တင်း ကျပ် ၂၅၀၀ ခန့်အထိ စျေးနှုန်းမြင့်တက်လာကြောင်း ကုန်သည်နှင့် တောင်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပဲစင်းငုံတစ်တင်း ကျပ် ၃၄၀၀၀ ခန့် ပေါက်စျေး ရှိရာမှ ဝယ်ယူမှုများပြားခြင်းကြောင့် စျေးနှုန်း မြင့်တက်လာရာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃ ရက် ပခုက္ကူသီးနှံစျေးကွက်တွင် တစ်တင်းလျှင် ကျပ် ၃၆၆၀၀ ပေါက်စျေးရှိကြောင်း သိရသည်။

ပခုက္ကူဒေသတစ်ဝိုက်မှ ပဲစင်းငုံစိုက် တောင်သူများမှာ သက်လတ်ပဲစင်းငုံပင်များအား စတင်ရိတ်သိမ်း ခြွေလှေ့နေပြီး အထွက်နှုန်းသင့်တင့်သည့်အတွက် လက်ရှိပေါက်စျေးနှုန်းဖြင့် ရောင်းချရပါက အဆင်ပြေနိုင်ကြောင်း သိရသည်။

“သက်လတ်ပဲစင်းငုံတွေတော့ ရိတ်နေပြီ။ အထွက်မဆိုးဘူး။ သက်ရင့်တွေကတော့ ဒီလကုန်လောက်မှ ရိတ်ရမယ်။ သက်ရင့်လည်း အသီးအခြေအနေအရ အထွက်ကောင်းနိုင်တယ်။ ပဲစင်းငုံက ဒီနှစ်မှ ပြန်စိုက်ကြတော့ အထွက်နှုန်းတော့ တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ဘူး။ တချို့လည်း လေးမြောင်းခြား တချို့လည်း ခြောက်မြောင်းကြား ညှပ်စိုက်ကြတာ။ တောင်သူတွေ အကုန်ရိတ်ပြီး ခြွေပြီးလို့ ရောင်းတဲ့အခါမှာ လက်ရှိ တစ်တင်း ၃၆၀၀၀ ကျော်စျေးအောက် မလျော့ဘူးဆိုရင် အကျိုးရှိမှာပါ။ ပဲစင်းငုံက အညာဒေသနဲ့ ကိုက်တယ်။ မြေသြဇာအထည့်ရနည်းတော့ ကုန်ကျစရိတ်လည်း သက်သာတယ်။ မနှစ်က စျေးတက်လာလို့ ဒီနှစ်မှ ပြန်စိုက်ကြတာ” ဟု ပခုက္ကူမြို့နယ်မှ တောင်သူ ကိုညွန့်လွင်က ပြောကြားသည်။

ပခုက္ကူဒေသထွက် ပဲစင်းငုံသီးနှံအား အိန္ဒိယဝယ်လက်များ အဓိကဝယ်ယူသည့်အတွက် အိန္ဒိယစျေးကွက်ပေါ်တွင် မူတည်ပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် ကျဆင်းခဲ့သည့် ပဲစင်းငုံစျေးနှုန်းမှာ ၂၀၂၁ ခုနှစ် ရောက်ရှိမှသာ ပြန်လည် မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

“ ပဲစင်းငုံက ၂၀၁၇ မှာ အိန္ဒိယက မဝယ်လို့ စျေးထိုးကျတယ်။ တစ်တင်းကို ၆၀၀၀ ကျော်လောက်ထိကို ရောက်သွားတာ။ အဲဒီတော့ တောင်သူကလည်း ရှုံးတော့မစိုက်ဘူး။ ကုန်သည်ကလည်း ဝယ်လက်မရှိတော့ မဝယ်ရဲဘူး။ ၂၀၂၀ ထိအောင်ကို ပဲစင်းငုံစျေးကွက်က အတော်ကို ညံ့ပါတယ်။ ကုန်လက်ကျန်နည်းချိန် ၂၀၂၁ မှ အိန္ဒိယက ပြန်ဝယ်လို့ တစ်တင်းကို နှစ်သောင်းကျော်လောက် ဖြစ်လာတာ။ တဖြည်းဖြည်း စျေးတက်လာရာကနေ ဒီနှစ်ဆန်းတော့ တစ်တင်း သုံးသောင်းအထက်မှာ ရှိတယ်” ဟု ပခုက္ကူမြို့မှ သီးနှံရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။

ပခုက္ကူစျေးကွက်အတွင်း ဝင်ရောက်ဆဲ ဖြစ်သည့် နှမ်းနက်စမှုံမှာ စျေးနှုန်းအနည်းငယ် မြင့်တက်လာပြီး နှမ်းနက်စမှုံရှယ်တစ်တင်း ကျပ် ၆၂၀၀၀ - ၆၃၀၀၀ ၊ နှမ်းနက်စမှုံ (ပုံမှန်) တစ်တင်း ကျပ် ၄၀၀၀၀ - ၆၀၀၀၀ ပေါက်စျေး ရှိကြောင်း သိရသည်။

Most Read

Most Recent