ကချင်ပြည်နယ် မိုးမောက်မြို့နယ် လွယ်ဂျယ်-လာရင်း မြန်မာ-တရုတ် လွယ်ဂျယ်နယ်စပ်ဂိတ်ကို မကြာမီဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေ

ကချင်ပြည်နယ် မိုးမောက်မြို့နယ် လွယ်ဂျယ်-လာရင်း မြန်မာ-တရုတ် လွယ်ဂျယ်နယ်စပ်ဂိတ်ကို မကြာမီဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေ
လွယ်ဂျယ်နယ်စပ်ဂိတ် ပိတ်ထားသည့်အခြေအနေကို လွန်ခဲ့သည့် ရက်ပိုင်းက တွေ့ရစဉ်
လွယ်ဂျယ်နယ်စပ်ဂိတ် ပိတ်ထားသည့်အခြေအနေကို လွန်ခဲ့သည့် ရက်ပိုင်းက တွေ့ရစဉ်
Published 3 January 2022
ထွန်းလင်းအောင် (မြစ်ကြီးနား)

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်၊ လွယ်ဂျယ်-လာရင်း မြန်မာ-တရုတ် နယ်စပ်ဂိတ်ကို ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။

လက်ရှိတွင် မြန်မာနိုင်ငံဘက်ခြမ်းရှိ ကားဂိတ်၊ ကုန်တင်ကုန်ချ အလုပ်သမား စင်တာတို့ကို ပြင်ဆင်ထားပြီး နေထိုင်သူများကို ကိုဗစ်ကာကွယ်ဆေး ထိုးပြီးကြောင်း စစ်ဆေးခြင်း၊ Quarantine နေစေခြင်းများ ပြုလုပ်ထားကြောင်း လွယ်ဂျယ်မြို့မှ  အစိုးရ အရာရှိတစ်ဦးက ပြောကြားသည်။

ယင်းက “ကျွန်တော်တို့က ပြင်ဆင်ထားတွေ လုပ်ထားပြီ။ မျှော်လင့်တာကတော့ ဇန်နဝါရီ ၅ ရက်နေ့ ဖွင့်နိုင်ဖို့ပေါ့။ တရုတ်ကတော့ ရက်မပေးနိုင်သေးဘူး။ လွန်ခဲ့တဲ့ ရက်ပိုင်းက ပြည်ထောင်စုအဆင့် ဆွေးနွေးတာက ငှက်ပျော၊ကြံကို အရင်ပို့မယ်။ မြန်မာဘက်က ပြောင်း၊ ဆန်၊ နှမ်းပို့ဖို့ဆွေးနွေးကြတယ်။ နေရာတွေက အသင့်လောက် ဖြစ်နေပြီ။ ကုန်တင်ကုန်ချသမားတွေ၊ ကားအတွက် နေရာတွေ ပြင်ဆင်ထားပါပြီ။ တရုတ်နိုင်ငံ လာရင်းက တရုတ်နိုင်ငံသားတွေလည်း သူတို့ အိမ်တွေပြန်မရောက်သေးဘူး” ဟု ပြောကြားသည်။

ကချင်ပြည်နယ်  လွယ်ဂျယ်ဂိတ်အဝင် တရုတ်နိုင်ငံ လာရင်းမြို့တွင် မြန်မာနိုင်ငံဘက်မှ ကုန်တင်ကား အစီး ၄၀၀ ကျော် လချီ ပိတ်မိနေသည့် ကိစ္စရပ်များမှာလည်း ကားများ မြန်မာနိုင်ငံအတွင်း သယ်ယူရန် ကြန့်ကြာနေသေးကြောင်း သိရသည်။

ဗန်းမော်မြို့မှကားပိုင်ရှင်ကိုရဲက “ နယ်စပ်ဂိတ်က ဖွင့်မှပြန်ရမယ့်သဘောပါ။ တရုတ်ဘက်က အခြေအနေက ပုံမှန်ကို ပြန်မဖြစ်သေးတော့ တရုတ်နှစ်သစ်ကူးပြီး ဖေဖော်ဝါရီ လဆန်းပိုင်းလောက်ပဲ မျှော်မှန်းထားတော့တယ်။ ကားပိုင်ရှင်တွေ၊ ကားဒရိုင်ဘာ၊ စပါယ်ယာ အားလုံးကတော့ ဝင်ငွေတွေ ရပ်ဆိုင်းကုန်တော့ ဒုက္ခရောက်တာပေါ့” ဟု ပြောကြားသည်။

ကန်ပိုင်တည် နယ်စပ်ကုန်သွယ်ရေးဂိတ်မှာ လွန်ခဲ့သည့် ဒီဇင်ဘာလလယ်ပိုင်းမှ စတင်ကာ တစ်ရှူး ငှက်ပျောကားများ ပို့ဆောင်နေပြီး တစ်ရက်လျှင် အစီးရေ ၅၀ ဝန်းကျင်သာ ကုန်သွယ်နိုင်သေးကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် COVID-19 ကူးစက်မှုမြင့်မားလာမှုကြောင့် လွန်ခဲ့သည့် ဇူလိုင်လ ၁၁ ရက်တွင် ပိတ်ထားခဲ့သည့် ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရန် စက်တင်ဘာလဆန်းပိုင်းမှ စတင်ကာ နှစ်ဖက်အစိုးရနှင့် ကုန်သည်ကြီးများက ကြိုးပမ်းလာခဲ့သည်။

တရုတ်နိုင်ငံအစိုးရဘက်မှ COVID-19 ကူးစက်မှုကို ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် မြစ်ကြီးနားနှင့် ၀ိုင်းမော်မြို့နယ်အတွက် ပေါင်းရှန်းပြည်နယ်အစိုးရက လူဦးရေ ၇၅၂၀၀ အတွက် လှူဒါန်းထားကြောင်း၊ စက်တင်ဘာ ၁၄ ရက်က ကန်ပိုင်တည် နယ်စပ်ဂိတ်မှ တစ်ဆင့် ရောက်ရှိလာကြောင်း၊ ၁၆ ရက်မှ စတင်ကာထိုးနှံနေကြောင်း၊ အုပ်စု ၂၃ စုကို အဓိကထားပြီး စုဖွဲ့အလုပ်သမားများ၊ စစ်ဘေးရှောင်များ၊ ကုန်စုံဆိုင်များ၊အသက် ၄၀ နှင့်အထက် အုပ်စုများ ပါဝင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ နုကျန်းပြည်နယ်ခွဲမှ ဆေးအလုံးရေ နှစ်သိန်း(လူတစ်သိန်းစာအတွက်) စက်တင်ဘာလအတွင်း ဖီမော်ဂိတ်မှ တင်သွင်းကာ ချီဖွေမြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံသည့် လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း ကချင်ပြည်နယ် ကျန်းမာရေးဌာနက သိရသည်။

ကန်ပိုင်တီနယ်စပ်ကုန်သွယ်ရေးစခန်းသည် မြစ်ကြီးနားမြို့နှင့် ၈၅ မိုင်ကွာဝေးပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ပေါက်ဆန်းခရိုင်၊ ထိန်ချုံးမြို့နယ်နှင့် ထိစပ်နေပြီး ထိန်ချုံးမြို့နှင့် ၅၁ မိုင်ကွာဝေးကြောင်း သိရသည်။

လွယ်ဂျယ်နယ်စပ်ဂိတ်မှာ ဗန်းမော်မြို့မှ ၅၆ မိုင် ၄ ဖာလုံအကွာတွင် ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လုံချွမ်ခရိုင်၊ ကျန်းဖုန်းမြို့နယ်၊ လိုင်းရင်းကျေးရွာနှင့် ထိစပ်နေသည့် နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခု ဖြစ်ပါသည်။

တရုတ်နိုင်ငံနှင့် ကချင်ပြည်နယ်တို့ တရားဝင် အဓိက ဆက်သွယ်သည့် ဝင်ပေါက်မှာ ကန်ပိုင်တည် ဝင်ပေါက်နှင့် လွယ်ဂျယ်ဝင်ပေါက် ၊ ပန်ဝါဝင်ပေါက် တို့ကို အဓိကအသုံး ပြုနေသည်။ ထို့ပြင် လိုက်ဇာ၊ မန်ဝိန်းကြီးဝင်ပေါက်များကိုလည်း အသုံးပြုနေကြကြောင်း သိရသည်။

Most Read

Most Recent