၂၀၂၂ အာရှဖလားခြေစစ်ပွဲ အောင်မြင်ခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း

၂၀၂၂ အာရှဖလားခြေစစ်ပွဲ အောင်မြင်ခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း
၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲအောင်မြင်ခဲ့သည့် မြန်မာအမျိုးသမီးအသင်း (Photo:MFF)
၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲအောင်မြင်ခဲ့သည့် မြန်မာအမျိုးသမီးအသင်း (Photo:MFF)
Published 2 January 2022

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အောက်တိုဘာ ၁၈ ရက်မှ ၂၄ ရက်အထိ ကာဂျစ္စတန်နိုင်ငံ၌ ကျင်းပသည့် ၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲတွင် ပြိုင်ဘက်အသင်းများကို ကျော်ဖြတ်ပြီး အာရှဖလား ခြေစစ်ပွဲအောင်မြင်ခဲ့သည်။

၂၀၂၁ ခုနှစ်အတွင်း ကျင်းပသည့် နိုင်ငံတကာဘောလုံးပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာဘောလုံးအသင်းများအနေဖြင့် အောင်မြင်မှုနှင့် ရလဒ်ကောင်း ရယူနိုင်ရန် ရုန်းကန်ခဲ့ရသော်လည်း  မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းမှာ တစ်သင်းတည်းသော အောင်မြင်မှုရသည့်အသင်းဖြစ်ပြီး အာရှဖလားခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် မြန်မာ့လက်ရွေးစင် အမျိုးသား ဘောလုံးအသင်းက ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲနှင့် ဆူဇူကီးဖလားပြိုင်ပွဲ၊ ယူ-၂၃ လက်ရွေးစင် အမျိုးသား အသင်းက အာရှဖလား ယူ-၂၃ ခြေစစ်ပွဲယှဉ်ပြိုင်ခဲ့သော်လည်း အောင်မြင်မှုမရဘဲ လက်ရွေးစင်အမျိုးသမီး အသင်းသာ အာရှဖလားခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ခြေစစ်ပွဲတွင် ယူအေအီး၊ ဂူအမ်၊ လက်ဘနွန်အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး ဂူအမ်အသင်းကို (၈-၀) ဂိုး၊ လက်ဘနွန်အသင်းကို (၄-၀) ဂိုး၊ ယူအေအီးအသင်းကို (၂-၀) ဂိုးဖြင့် ရာနှုန်းပြည့် နိုင်ပွဲရခဲ့သည်။ ထို့ကြောင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးမှာ သုံးပွဲကစား၊ သုံးပွဲနိုင်၊ ရမှတ် ကိုးမှတ်ဖြင့် အုပ်စုပထမရပြီး အာရှဖလားခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် အာရှဖလား အမျိုးသမီးပြိုင်ပွဲ သက်တမ်းတစ်လျှောက် ငါးကြိမ်မြောက် ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ နောက်ပိုင်း တစ်ကျော့ပြန်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ခြေစစ်ပွဲအောင်မြင်ထားသည့် ၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်ကို ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ အိန္ဒိယနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အာရှဖလား ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ဂျပန်၊ အာရှထိပ်သီး တောင်ကိုရီးယား၊ အာဆီယံထိပ်သီး ဗီယက်နမ်အသင်းတို့နှင့်အတူ တစ်အုပ်စုတည်းကျ ရောက်နေသည်။ သို့ဖြစ်ရာ မြန်မာ အမျိုးသမီးအသင်းအနေဖြင့် အုပ်စုအဆင့်ကျော်လွန်နိုင်ရန် ခက်ခက်ခဲခဲ ရုန်းကန်ရမည်ဖြစ်သည်။

Most Read

Most Recent