မြန်မာ့ကြက်တောင်အားကစားသမိုင်းတွင် အိုလံပစ်ပြိုင်ပွဲ ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသူဖြစ်လာသည့် သက်ထားသူဇာ

မြန်မာ့ကြက်တောင်အားကစားသမိုင်းတွင် အိုလံပစ်ပြိုင်ပွဲ ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသူဖြစ်လာသည့် သက်ထားသူဇာ
တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် သက်ထားသူဇာ ယှဉ်ပြိုင်နေစဉ် (Photo:AFP)
တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် သက်ထားသူဇာ ယှဉ်ပြိုင်နေစဉ် (Photo:AFP)
Published 2 January 2022

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ၂၀၂၁ နှစ်လယ်ပိုင်းက ပြန်လည်ကျင်းပသည့် တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရပြီး ပထမဆုံး အိုလံပစ်ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရသည့် မြန်မာကြက်တောင်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

သက်ထားသူဇာသည် တိုကျိုအိိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်ရရန်အတွက် ၂၀၁၉ နှစ်ဆန်းပိုင်းကတည်းက ကြိုးပမ်းခဲ့ပြီး လက်ရည်စစ်ပွဲအောင်မြင်သဖြင့် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် လက်ရည်စစ်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်ခဲ့ပြီး ထိုက်သင့်သည့် အောင်မြင်မှုများ ရယူနိုင်သဖြင့် သတ်မှတ်ထားသည့် အဆင့်အတွင်း ရပ်တည်နိုင်ကာ လက်ရည်စစ်ပွဲ အောင်မြင်ခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် အိုလံပစ်လက်ရည်စစ်ပွဲကာလအတွင်း ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) က ကျင်းပသည့် ပြိုင်ပွဲများတွင် ဆက်တိုက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၉ နှစ်ဆန်းမှ ၂၀၂၀ ဖေဖော်ဝါရီလကုန်အထိ ပြိုင်ပွဲပေါင်းများစွာ ယှဉ်ပြိုင်ခဲ့သည်။ သက်ထားသူဇာသည် ယင်းပြိုင်ပွဲများကို ကိုယ်ပိုင်အစီအစဉ်၊ ကိုယ်ပိုင်စရိတ်များဖြင့် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး အခက်အခဲများလည်း ကြုံတွေ့ခဲ့ရသည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် အိုလံပစ်လက်ရည်စစ်ပွဲများကို ၂၀၂၀ မတ်လဆန်းအထိသာ ကျင်းပနိုင်ခဲ့ပြီး ကိုးလဝန်းကျင် ရပ်နားခဲ့ရကာ ၂၀၂၁ နှစ်ဆန်းပိုင်းမှသာ ပြန်လည်ကျင်းပနိုင်ခဲ့သည်။ သက်ထားသူဇာအနေဖြင့် အိုလံပစ်လက်ရည်စစ်ပွဲများ ပြန်လည်ကျင်းပစဉ် ကပ်ရောဂါကြောင့် ခရီးသွားလာရန် ခက်ခဲခြင်းကြောင့် ယှဉ်ပြိုင်နိုင်ခဲ့ခြင်းမရှိသော်လည်း အိုလံပစ်ပြိုင်ပွဲအတွက် သတ်မှတ်ထားသည့် အဆင့်ဝင်ခဲ့သဖြင့် ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် အိုလံပစ်ပြိုင်ပွဲတွင် အုပ်စု (M)၌ ဘယ်လ်ဂျီယံနိုင်ငံသူ လိုင်နီတန်၊ အင်ဒိုနီးရှားနိုင်ငံသူ မာရီဆာကာတို့နှင့်အတူ ကျရောက်ခဲ့သည်။ သက်ထားသူဇာသည် ယင်းကစားသမားနှစ်ဦးစလုံးကို နှစ်ပွဲ ပြတ်စီဖြင့် ရှုံးနိမ့်ကာ အုပ်စုအဆင့်မှ ထွက်ခဲ့ရသော်လည်း ကမ္ဘာ့အဆင့် မြင့်မားသည့် ကစားသမားများနှင့် ယှဉ်ပြိုင်ခဲ့ရသဖြင့် အတွေ့အကြုံကောင်းများ ရယူနိုင်ခဲ့သည်။

သက်ထားသူဇာသည် ၂၀၂၀ ဖေဖော်ဝါရီလကုန်တွင် ပြိုင်ပွဲများယှဉ်ပြိုင်ပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဇူလိုင်မှသာ အိုလံပစ်ပြိုင်ပွဲ ပြန်လည်ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး နိုင်ငံတကာပြိုင်ပွဲများနှင့် ကာလအတန်ကြာ အဆက်ပြတ်နေသဖြင့် လက်စွမ်းပြနိုင်ခြင်းမရှိဘဲ နှစ်ပွဲပြတ်စီဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ သို့သော် သက်ထားသူဇာအနေဖြင့် ကမ္ဘာ့အဆင့်မြင့်ဆုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရပြီး မြန်မာအားကစား လောကအတွက် ဂုဏ်ယူစရာဖြစ်ခဲ့သောကြောင့် ယခုကဏ္ဍတွင် ထည့်သွင်းဖော်ပြခြင်းဖြစ်သည်။ ၎င်းအနေဖြင့် မြန်မာ့ကြက်တောင်အားကစားသမိုင်းတွင် အိုလံပစ်ပြိုင်ပွဲ ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

သက်ထားသူဇာသည် အိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီးနောက် နှစ်ကုန်ပိုင်းတွင် စပိန်နိုင်ငံ၌ ကျင်းပသည့် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်ခဲ့သည်။ သက်ထားသူဇာသည် ယခင်က ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) က ကျင်းပသည့် ပြိုင်ပွဲများအနက် Grade-3 ပြိုင်ပွဲများသာ ယှဉ်ပြိုင်ခဲ့သော်လည်း Grade-1 အဆင့်ရှိ ယင်းပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ Grade-1 အဆင့် ပြိုင်ပွဲများတွင် အိုလံပစ်ပြိုင်ပွဲ၊ ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲများပါဝင်ပြီး သက်ထားသူဇာအနေဖြင့် တစ်နှစ်အတွင်း ပြိုင်ပွဲ နှစ်ခုစလုံး ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။ သက်ထားသူဇာသည် ကပ်ရောဂါကြောင့် ၂၀၂၁ ခုနှစ်တွင် ပြိုင်ပွဲနှစ်ခုသာ ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး အောင်မြင်မှုမရသော်လည်း အိုလံပစ်ပြိုင်ပွဲနှင့် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ၌ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။

သက်ထားသူဇာသည် ၂၀၁၈ ခုနှစ်မှစတင်ကာ BWF က ကျင်းပသည့် ပြိုင်ပွဲများတွင် ဆက်တိုက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ နှစ်ကုန်ပိုင်းအထိ လေးနှစ်တာကာလအတွင်း ချန်ပီယံဆုရှစ်ကြိမ် ရယူနိုင်ခဲ့သည်။

Most Read

Most Recent