ပရော်ဖက်ရှင်နယ် ဘောလုံးသမိုင်းတွင် MNL ပြိုင်ပွဲ ပထမဆုံး ဖျက်သိမ်းခဲ့ရသည့်နှစ်

ပရော်ဖက်ရှင်နယ် ဘောလုံးသမိုင်းတွင် MNL ပြိုင်ပွဲ ပထမဆုံး ဖျက်သိမ်းခဲ့ရသည့်နှစ်
နောက်ဆုံးကျင်းပသည့် ၂၀၂၀ MNL အမှတ်ပေးပြိုင်ပွဲ ဆုပေးပွဲကျင်းပရန် ပြင်ဆင်ထားမှု (ဓာတ်ပုံ-ညီညီစိုးညွန့်)
နောက်ဆုံးကျင်းပသည့် ၂၀၂၀ MNL အမှတ်ပေးပြိုင်ပွဲ ဆုပေးပွဲကျင်းပရန် ပြင်ဆင်ထားမှု (ဓာတ်ပုံ-ညီညီစိုးညွန့်)
Published 2 January 2022

၂၀၂၁ ခုနှစ်မှာ မြန်မာဘောလုံးလောကအတွက် အနုတ်လက္ခဏာဆောင်သည့် နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး ပရော်ဖက်ရှင်နယ် ဘောလုံးသမိုင်းတွင် MNL အပါအဝင် လိဂ်ပြိုင်ပွဲ အားလုံး ပထမဆုံး ဖျက်သိမ်းရသည့် နှစ်ဖြစ်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်ကတည်းက ကိုရိုနာဗိုင်းရပ်စ်ရောဂါအခြေအနေကြောင့် MNL စီနီယာလိဂ်ပြိုင်ပွဲ တစ်ခုတည်းကိုသာ ပြီးဆုံးအောင် ကျင်းပခဲ့ပြီး ကျန်ပြိုင်ပွဲအားလုံး ဖျက်သိမ်းခဲ့ရသလို ၂၀၂၁ ခုနှစ်တွင်မူ ပြိုင်ပွဲအားလုံး ဖျက်သိမ်းရသည့် အခြေအနေအထိ ဖြစ်ခဲ့ရသည်။ ၂၀၂၁ ရာသီကို ဧပြီတတိယပတ်တွင် စတင်ကျင်းပရန် စီစဉ်ခဲ့သော်လည်း နိုင်ငံရေးအခြေအနေများကြောင့် နောက်ဆုတ်ခဲ့ရသလို နောက်ပိုင်းတွင် ကပ်ရောဂါကြောင့် ဖျက်သိမ်းကြောင်း မြန်မာနေရှင်နယ်လိဂ်က တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။  မြန်မာနေရှင်နယ်လိဂ်သည် ၂၀၁၄ ခုနှစ် ဝန်းကျင်ကတည်းက လစာပုံမှန်မပေးချေနိုင်သည့် အခြေအနေ ရင်ဆိုင်ခဲ့ရပြီး နောက်ပိုင်းနှစ်များ၌လစာပုံမှန်မပေးနိုင်သည့် အသင်းအရေအတွက် ပိုများလာသလို ၂၀၂၀ ပြည့်နှစ်တွင် အသင်းဖျက်သိမ်းမှု စံချိန်တင်အဖြစ် သုံးသင်းအထိရှိခဲ့သည်။ ယင်းကဲ့သို့ အခြေအနေဆိုးများနှင့် ကြုံတွေ့ပြီး နောက်နှစ်မှာပင် လိဂ်ပြိုင်ပွဲ ဖျက်သိမ်းရသည့်အနေအထားမှာ မြန်မာနိုင်ငံ၏ ပရော်ဖက်ရှင်နယ်လိဂ်အတွက် စိုးရိမ်စရာ ဖြစ်စေခဲ့သည်။

၂၀၂၁ ရာသီ MNL ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသည့်အသင်း ၁၀ သင်း စလုံးနီးပါး လစာအနည်းငယ်သာ ပေးချေနိုင်တော့သလို နည်းပြနှင့် ကစားသမားများပင် စာချုပ်မရှိတော့သည့် အသင်းများလည်း ရှိနေသည်။ မြန်မာနေရှင်နယ်လိဂ်အနေဖြင့် လာမည့် ၂၀၂၂ ဘောလုံးရာသီ စတင်မည့် ကာလကိုလည်း ၂၀၂၁ နှစ်ကုန်ပိုင်းအထိ ထုတ်ပြန်နိုင်ခြင်း မရှိသေးဘဲ စောင့်ကြည့်နေဆဲသာ ရှိနေသည်။ ထို့ကြောင့် ၂၀၂၂ ခုနှစ်တွင် MNL ပြိုင်ပွဲ ကျင်းပနိုင်လျှင်ပင် အသင်းများ ထပ်မံလျော့သွားနိုင်သလို ကလပ်အသင်းများအနေဖြင့်လည်း ပုံမှန်လည်ပတ်နိုင်ရန် အခက်အခဲများစွာ ရင်ဆိုင်ရဖွယ်ရှိသည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို နှစ် နှစ်ဆက်တိုက် ကြုံတွေ့ခဲ့ရသည့်အပြင် ၂၀၂၁ ခုနှစ်တွင် နိုင်ငံရေး အခြေအနေပါ သက်ရောက်မှုရှိခဲ့သဖြင့် ယခင်ကတည်းက အခက်အခဲများရှိနေသည့် MNL အတွက် ပိုမိုခက်ခဲစေခဲ့ခြင်းဖြစ်သည်။

လက်ရှိအနေအထားကြောင့် ပုံမှန်ထက်ရုန်းကန်နေရသည့် မြန်မာ့ဘောလုံးလောကနှင့် MNL ပြိုင်ပွဲ အခြေအနေကို ၂၀၂၁ ခုနှစ်၏ ထင်ရှားသည့်ကဏ္ဍအဖြစ် ထည့်သွင်းဖော်ပြခြင်းဖြစ်သည်။

Most Read

Most Recent