ရန်ကုန်မြို့လယ်ကောင် ဘဏ်ဓားပြတိုက်မှုအပါအဝင် နိုင်ငံအနှံ့ဖြစ်ပွားခဲ့သည့် ဘဏ်ဓားပြတိုက်မှုများ

ရန်ကုန်မြို့လယ်ကောင် ဘဏ်ဓားပြတိုက်မှုအပါအဝင် နိုင်ငံအနှံ့ဖြစ်ပွားခဲ့သည့် ဘဏ်ဓားပြတိုက်မှုများ
ရန်ကုန်မြို့လယ်ကောင် ၄၇ လမ်းနှင့် ၄၈ လမ်းကြားရှိ KBZ ဘဏ် ဓားပြတိုက်ခံရအပြီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးရယူထားစဉ် (ဓာတ်ပုံ-သီဟအောင်)
ရန်ကုန်မြို့လယ်ကောင် ၄၇ လမ်းနှင့် ၄၈ လမ်းကြားရှိ KBZ ဘဏ် ဓားပြတိုက်ခံရအပြီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးရယူထားစဉ် (ဓာတ်ပုံ-သီဟအောင်)
Published 2 January 2022

၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဘဏ်ဓားပြတိုက်မှုများ ယခင်နှစ်များထက် ပိုမိုဖြစ်ပွားခဲ့သည်။

အဆိုပါဘဏ်ဓားပြတိုက်မှုဖြစ်စဉ်များအနက် လူသိအများဆုံးဖြစ်စဉ်မှာ ရန်ကုန်မြို့လယ်ကောင်ရှိ KBZ ဘဏ်ကို ဓားပြဝင်တိုက်မှုဖြစ်ပြီး အဆိုပါဘဏ်ဓားပြတိုက်မှုတွင် ကျပ် ၂၈၁၄ သိန်း လုယူဓားပြတိုက်ခံရခြင်း ဖြစ်သည်။

အောက်တိုဘာ ၂၂ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ဗိုလ်တထောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းပေါ် ၄၇ လမ်း နှင့် ၄၈ လမ်းကြားရှိ KBZ ဘဏ်အတွင်းသို့ လူတစ်စုက ဝင်ရောက်ပြီး သေနတ်ဖြင့် ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဘဏ်ဓားပြတိုက်မှုဖြစ်ပွားပြီးနောက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ယာဉ်များအားရပ်တန့်စစ်ဆေးခြင်း၊ ယာဉ်ပိတ်ဆို့စစ်ဆေးခြင်းများကို ယခင်ရက်များထက် ပိုမိုတင်းကျပ်စွာ ပြုလုပ်ခဲ့သည်။

ဘဏ်ဓားပြတိုက်မှုတွင် အမျိုးသား ၁၁ ဦး၊ အမျိုးသမီးတစ်ဦးတို့အား ဓားပြတိုက်ရာတွင် အသုံးပြုသည့် CZ 75 D အမျိုးအစား ပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည် သုံးတောင့်၊ လက်လုပ်မိုင်း သုံးလုံး၊ မော်တော်ယာဉ် နှစ်စီး၊ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် နှစ်စီးနှင့်အတူ ဓားပြတိုက်စဉ်က ယူဆောင်ခဲ့သော ကျပ် ၂၈၁၄ သိန်းကို သိမ်းဆည်းရမိခဲ့ကြောင်း အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

၂၀၂၁ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပထမဆုံးဖြစ်ပွားခဲ့သည့် ဘဏ်ဓားပြတိုက်မှုဖြစ်စဉ်မှာ ဇူလိုင် ၁၅ ရက် နံနက် ၁၁ နာရီကျော်ခန့်က တောင်ဥက္ကလာပမြို့နယ် နန္ဒဝန်စျေးအနီးရှိ ကမ္ဘာ့ရတနာဘဏ် (နန္ဒဝန်စျေးဘဏ်ခွဲ) ကို လူတစ်စုက ဝင်ရောက်ကာ ဓားပြတိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် သြဂုတ် ၃၀ ရက် နံနက် ၁၁ နာရီခန့်ကလည်း မရမ်းကုန်းမြို့နယ် သမိုင်းမြို့ဟောင်း ၈ လမ်းရှိ ကမ္ဘာ့ရတနာဘဏ်အတွင်းသို့ လူလေးဦးက ဝင်ရောက်ကာ သေနတ်ဖြင့် ဓားပြတိုက်မှုဖြစ်ပွားခဲ့သည်။

နိုဝင်ဘာ ၂၆ ရက်က မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် အောင်မင်္ဂလာရပ်ကွက်ရှိ မြန်မာ့ရှေ့ဆောင်ဘဏ်အတွင်းသို့ အမျိုးသား နှစ်ဦးမှ ဝင်ရောက်လာပြီး ဓားဦးချွန် နှစ်ချောင်းဖြင့် ဘဏ်ကို ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဘဏ်ဓားပြတိုက်မှုတွင် ဘဏ်မှ ဒုတိယမန်နေဂျာ သန်းဇော်(၃၃ နှစ်)၊ လက်ထောက်ကြီးကြပ်ရေးမှူးများ ဖြစ်သည့် ဝေဖြိုးလှိုင်(၃၁ နှစ်) နှင့် ကျော်ကျော်ဦး (၃၃ နှစ်) တို့ ပူးပေါင်းပါဝင်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်မှ စုစုပေါင်းကိုးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် စက်တင်ဘာ ၁၃ ရက် တွင် ရန်ကုန်မြို့ ဧရာဝတီဘဏ်ရုံးချုပ်မှ ကြီးကြပ်ရေးမှူး ဦးမင်းမင်းစိုး ဦးစီး၍ ယာဉ်မောင်းနှစ်ဦး ပါဝင်သော တိုယိုတာဟိုင်းလတ်ယာဉ်၊ ရုံးအကူ ဦးဝင်းလွင်မြင့်၊ လုံခြုံရေး ချစ်စမ်းမောင်နှင့် ယာဉ်မောင်း မျိုးကျော်သူတို့ ပါဝင်သောတိုယိုတာ ဟိုက်အေ့စ်ယာဉ်တို့ဖြင့် ဧရာဝတီဘဏ်ခွဲ (၁) မှ ကျပ် ၄ ဘီလျံအား ယာဉ်နှစ်စီးပေါ်သို့ ခွဲဝေတင်ဆောင်ပြီး ပဲခူးမြို့မှ ရန်ကုန်မြို့သို့ နေ့လယ် ၁၂ နာရီ ၄၀ မိနစ်တွင် ပြန်လည်ထွက်ခွာခဲ့ရာ ပဲခူးမြို့၊ ဘူးလယ်အင်းကျေးရွာအုပ်စု ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၂၅/၅ နေရာသို့ ရောက်ရှိစဉ် ယာဉ်ထိန်းရဲဝတ်စုံဝတ်ဆင်ထားသူ တစ်ဦး၊ ရဲတပ်ဖွဲ့ဝတ်စုံ ဝတ်ဆင်၍ လက်နက်ငယ် နှစ်လက် ကိုင်ဆောင်ထားသူ နှစ်ဦးနှင့် အရပ်ဝတ် ဝတ်ဆင်ထားသူ လေးဦးတို့မှ ယာဉ်နှစ်စီးကို တားဆီးကာ ဘဏ်ဝန်ထမ်း ငါးဦး၏ ပါးစပ်၊ မျက်စိ၊ လက်တို့အား တိပ်အမည်းဖြင့် ချည်နှောင်ပြီး ယာဉ်ပေါ်ပါ ငွေများနှင့် ဝန်ထမ်းများ၏ ဖုန်းသုံးလုံးတို့အားယူဆောင်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ စက်တင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့ အမှတ် ၂ ရပ်ကွက်၊ သီရိမင်္ဂလာလမ်း၊ ဗဟိုစျေး တောင်ဘက်ရှိ KBZ ဘဏ်အတွင်းသို့ အမျိုးသားတစ်ဦးမှ သေနတ်အတို တစ်လက်ဖြင့်ဝင်ကာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ဘဏ်ဓားပြတိုက်မှုဖြစ်စဉ်တွင် ကျပ်သိန်းတစ်ထောင်ကျော် လုယူခံလိုက်ရကြောင်း သိရသည်။

ဒီဇင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းက မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့အနီး ဇီးသီးရေကူးကန်ရှေ့ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ ဘဏ်ငွေသယ်ယာဉ်တစ်စီး ဓားပြတိုက်ခံရပြီး ကျပ်သိန်း ၈၄၀ ခန့် ယူဆောင်သွားမှုလည်း ဖြစ်ပွားခဲ့သည်။

၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံအနှံ့အပြားတွင် ဘဏ်ဓားပြတိုက်မှုများမှာ ယခင်နှစ်များထက် ပိုမိုများပြားခဲ့ပြီး ဓားပြတိုက်မှုများတွင် ယခင်ထက်ထူးခြားသည်မှာ သေနတ်များ အသုံးပြုလာကို တွေ့မြင်ခဲ့ရသည်။

Most Read

Most Recent