တောင်ကိုရီးယားတွင် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်တက်နေသည့်ကြားမှ ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်များ ရက်ထပ်တိုး ထုတ်ပြန်ရန် စီစဉ်

တောင်ကိုရီးယားတွင် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်တက်နေသည့်ကြားမှ ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်များ ရက်ထပ်တိုး ထုတ်ပြန်ရန် စီစဉ်
 ဒီဇင်ဘာ ၂၈ ရက်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးက အမျိုးသားတစ်ဦးအား COVID-19 ကူးစက်ခံရခြင်း ရှိ၊မရှိ စစ်ဆေးရန် နှာခေါင်းတို့ဖတ် ရယူနေစဉ် Photo:AP
ဒီဇင်ဘာ ၂၈ ရက်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးက အမျိုးသားတစ်ဦးအား COVID-19 ကူးစက်ခံရခြင်း ရှိ၊မရှိ စစ်ဆေးရန် နှာခေါင်းတို့ဖတ် ရယူနေစဉ် Photo:AP
Published 1 January 2022
Ref: Reuters

တောင်ကိုရီးယားနိုင်ငံတွင် အလွန်ကူးစက်မြန် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအပေါ် စိုးရိမ်မှုများ မြင့်တက်နေပြီး ပြင်းထန် ဗိုင်းရပ်စ်ကူူးစက်ခံရသူများ ပိုမိုမြင့်တက်လာသည့်ကြားက ပိုမိုတင်းကျပ်သည့်တစ်ဦး နှင့်တစ်ဦး ခပ်ခွာခွာနေထိုင်သည့် စည်းမျဉ်းများကို သီတင်းနှစ်ပတ်ကြာ ထပ်တိုးထုတ်ပြန်သွားမည်ဟု ဒီဇင်ဘာ ၃၁ ရက်တွင် ပြောကြား ခဲ့သည်။

တောင်ကိုရီးယားနိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ် အသစ်များ စံချိန်တင်မြင့်တက်လာခဲ့ပြီး နိုင်ငံ၏ ဆေးဘက်ဆိုုင်ရာစနစ်ကို ကြီးမားစွာ ဖိအားသက်ရောက်လာစေသည့် ရောဂါပြင်းထန်လူနာများ များပြားလာသောကြောင့် COVID-19 နှင့် အတူယှဉ်တွဲနေထိုင်သည့် အစီအစဉ်ကို ဖြေလျှော့ခဲ့ပြီးနောက် အစိုးရက ဒီဇင်ဘာ ၁၈ ရက်တွင် ကန့်သတ်ချက် စည်းမျဉ်းများကို သီတင်းပတ် ခြောက်ပတ်ကြာ ပြန်လည်ပြဋ္ဌာန်းခဲ့သည်။

လွန်ခဲ့သည့် သီတင်းနှစ်ပတ်ခန့်က နေ့ အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈,၀၀၀ နီးပါး မြင့်တက်ခဲ့ပြီးနောက် နေ့အလိုက်ဗိုင်းရပ်စ်ကူးစက်မှုနှုန်းမှာ လျော့ကျသွားခဲ့ပြီး ဒီဇင်ဘာ  ၃၀ ရက်တွင် နေ့အလိုက် ကူးစက်ခံရသူ အ သစ် ၄,၈၇၅ ဦးရှိခဲ့သော်လည်း ပြင်းထန်လူနာ အရေအတွက်သည် ဆက်လက်မြင့်တက်လျက်ရှိသည်ဟု ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီ (KDCA)က ထုတ်ပြန်ခဲ့သည်။

ယခုကဲ့သို့ ကန့်သတ်ချက်စည်းမျဉ်းများကို ထပ်တိုးထုတ်ပြန်ရခြင်းမှာ ဆေးရုံကုတင်နေရာ ပိုမိုလုံလောက်မှု ရှိစေရန်နှင့် ထပ်တိုးကာကွယ်ဆေး တတိယတစ်လုံး ထိုးနှံမှုအစီအစဉ်ကို မြှင့်တင်လုပ်ဆောင်ခြင်းအားဖြင့် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ် နောက်ထပ်ကူးစက်ပျံ့နှံ့မှုများအတွက် တောင့်ခံထားနိုင်ရန်ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဝန်ကြီးချုပ် ကင်ဘိုကွမ်က ပြောကြားခဲ့သည်။

“နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀,၀၀၀ အတွက် ဖူလုံစေနိုင်မယ့် ကုတင်နေရာ လုံလုံလောက်လောက် ရှိနေသင့်ပါတယ်။ ဒါ့ပြင် ထပ်တိုးကာကွယ်ဆေး တတိယတစ်လုံး ထိုးနှံရေးနဲ့ ကလေးတွေကို ကာကွယ်ဆေးထိုးနှံပေးတဲ့ အစီအစဉ်တွေကို အရှိန်တိုးမြှင့်လုပ်ဆောင်သင့်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့ သည်။

ဇန်နဝါရီ ၁၆ ရက်နေ့အထိ အကျုံးဝင်သက်ရောက်မည့် ယင်းကန့်သတ်ချက်စည်းမျဉ်းများတွင် ကာကွယ်ဆေးနှစ်လုံးအပြည့် ထိုးနှံပြီးသူ လေးဦးထက်ပို၍ စုဝေးခြင်းကို တားမြစ်ကန့်သတ်ထားပြီး စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များနှင့် ဘားများကို ည ကိုး နာရီ မတိုင်ခင် ပိတ်ထားရန်နှင့် ရုပ်ရှင်ရုံများ နှင့် အင်တာနက်ဆိုင်များကို ည ၁၀ နာရီ မတိုင်ခင် ပိတ်ရန် ပြဋ္ဌာန်းထားသည်။

COVID-19 ကာကွယ်ဆေး မထိုးနှံရသေးသူများအနေဖြင့် စားသောက်ဆိုင်များတွင် တစ်ဦးတည်းသာ စားသောက်ရမည်ဖြစ်ပြီး ပါဆယ်စနစ် သို့မဟုတ် အစားအစာပို့ ဆောင်မှုဝန်ဆောင်မှုများမှတစ်ဆင့် မှာယူ စားသောက်ရမည်ဖြစ်သည်ဟု ဆိုသည်။

တောင်ကိုရီးယားနိုင်ငံတွင် အသက်၁၂ နှစ် သို့မဟုတ် ၁၂ နှစ်အထက် အရွယ်များ၏ ၉၁ ရာခိုင်နှုန်းနီးပါးကို ကာကွယ်ဆေးနှစ်လုံး အပြည့်ထိုးနှံပြီးစီးခဲ့သည်။

တောင်ကိုရီးယားတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၆၃၀,၈၃၈ ဦးရှိပြီး ဗိုင်းရပ်စ်ကြောင့်သေဆုံးသူပေါင်း ၅,၅၆၃ ဦးရှိသည်ဟု တရားဝင်ထုတ်ပြန်ထားသည်။      

Most Read

Most Recent