အကျင့်ပျက်ခြစားမှုကြောင့် ထောင်ချခံခဲ့ရသည့် တောင်ကိုရီးယားသမ္မတဟောင်း ပတ်ဂွန်ဟေး ပြန်လည်လွတ်မြောက်လာ

အကျင့်ပျက်ခြစားမှုကြောင့် ထောင်ချခံခဲ့ရသည့် တောင်ကိုရီးယားသမ္မတဟောင်း ပတ်ဂွန်ဟေး ပြန်လည်လွတ်မြောက်လာ
 ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်က ဆိုးလ်မြို့တော်ရှိ တရားရုံးသို့ရောက်ရှိလာသည့် တောင်ကိုရီးယားသမ္မတဟောင်း ပတ်ဂွန်ဟေး (ဝဲ) ကို တွေ့ရစဉ် Photo:AFP
၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်က ဆိုးလ်မြို့တော်ရှိ တရားရုံးသို့ရောက်ရှိလာသည့် တောင်ကိုရီးယားသမ္မတဟောင်း ပတ်ဂွန်ဟေး (ဝဲ) ကို တွေ့ရစဉ် Photo:AFP
Published 1 January 2022
Ref: Reuters

တောင်ကိုရီးယားသမ္မတဟောင်း ပတ်ဂွန်ဟေးသည် အကျင့်ပျက်ခြစားမှုဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီးနောက် ငါးနှစ်နီးပါးအကြာ ဒီဇင်ဘာ ၃၁ ရက်တွင် ပြန်လည်လွတ် မြောက်လာခဲ့ပြီး သူသည် မတ်လတွင်ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည် ဟုတ်၊ မဟုတ် ထင်ကြေးပေးမှုများ မြင့်တက်ခဲ့သည်။

ပတ်သည် ၂၀၁၃ ခုနှစ်က တောင်ကိုရီးယား၏ ပထမဆုံးအမျိုးသမီးသမ္မတဖြစ်ခဲ့သော်လည်း လေးနှစ်အကြာတွင် အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံနှင့်ရင်ဆိုင်ခဲ့ရပြီး နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများဖြစ်ပွားခဲ့ကာ စွပ်စွဲပြစ် တင်ခံခဲ့ရသည်။

အသက် ၆၉ နှစ်အရွယ် ပတ်သည် လာဘ်ပေးလာဘ်ယူမှု၊ အာဏာအလွဲသုံးစားမှုများဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရပြီး ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်မှုဖြင့် နောက်ထပ် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံခဲ့ရ သည်။တောင်ကိုရီးယား၏ စီးပွားရေးလုပ်ငန်းစုကြီးနှစ်ခုဖြစ်သည့် Samsung နှင့် Lotte လုပ်ငန်းစုတို့မှ အကြီးအကဲများသည်လည်း လာဘ်ပေးလာဘ်ယူမှုတွင် ပါဝင်ပတ်သက်မှု ဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် တောင်ကို ရီးယား သမ္မတ မွန်းဂျေအင်းက ပတ်၏ ကျန်းမာရေးအခြေအနေယိုယွင်းလာမှုကို ထောက်ရှုပြီး အထူးလွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်း ကြေညာခဲ့ပြီး အတိတ်မှ ဖြစ်ရပ်များကို ကျော်လွှားကာ အမျိုးသားစည်းလုံးညီညွတ်မှုကို မြှင့်တင်နိုင်လိမ့်မည်ဟုမျှော်လင့် ကြောင်း ပြောကြားခဲ့သည်။

ပတ်သည် ပြီးခဲ့သည့်လက ဆေးဝါးကုသမှုခံယူရန် ရောက်ရှိခဲ့သည့် ဆိုးလ်မြို့တော်ရှိ ဆေးရုံတစ်ရုံမှ ပြန်လည်ထွက်ခွာခဲ့ပုံကို ရုပ်သံများက ဖော်ပြခဲ့သည်။

လွတ်ငြိမ်းချမ်းသာခွင့်နှင့်ပတ်သက်ပြီး ပတ်က မှတ်ချက်မပေးခဲ့သော်လည်း သူသည် ခက်ခဲနေသည့်အခြေအနေများကြားမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ဆုံးဖြတ်ခဲ့သည့် သမ္မတ မွန်းကို ကျေးဇူးတင်ကြောင်းနှင့် လူထုအား စိုးရိမ်မှုဖြစ်စေခဲ့သည့်အတွက် တောင်းပန်ကြောင်း ပြောကြားခဲ့သည်ဟု ၎င်း၏ ရှေ့နေက ပြောကြားခဲ့သည်။

မတ်လတွင်ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲတွင် ပတ်၏ ပါတီအဟောင်းဖြစ်သည့် ပြည်သူ့စွမ်းအား ပါတီနှင့် မွန်း၏ ဒီမိုကရက်တစ်ပါတီအကြား ယှဉ်ပြိုင်မှုများ မြင့်တက်နေချိန်တွင် ၎င်းလွတ်မြောက်လာသည့် သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

ပတ်ကို ထောင်ဒဏ်ချမှတ်မှုသည် တောင်ကိုရီးယားကို စိတ်ဝမ်းကွဲပြားစေခဲ့ပြီး ပြီးခဲ့သည့်နှစ်က COVID-19 ကပ်ရောဂါဆိုင်ရာ စည်းကမ်းချက်များမချမှတ်မီ ၂၀၂၁ ခုနှစ်မတိုင်မီအချိန်အထိ ပတ်လိုလားသည့် လက်ယာယိမ်းအုပ်စုများသည် မွန်းနှင့် ၎င်း၏ မူဝါဒများကို ရှုတ်ချခဲ့ပြီး အပတ်စဉ်တိုင်း စုရုံးဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။

ဒီဇင်ဘာ ၃၀ ရက်နှောင်းပိုင်းတွင် ပတ်ကို ထောက်ခံသူများသည် ၎င်းတက်ရောက်ကုသနေသည့် ဆေးရုံအပြင်ဘက်၌ စုရုံးခဲ့ကြပြီး ပတ်လွတ်မြောက်မှုအတွက် အောင်ပွဲခံခဲ့ကြသည်။

ဆိုးလ်မြို့တော်တွင် လူပေါင်း ၂၀၀ ခန့်က ပတ်၏ လွတ်မြောက်မှုကို ဆန့်ကျင်သည့် ဆန္ဒပြမှုပြုလုပ်ခဲ့သည်ဟု ယွန်ဟက်သတင်း အေဂျင်စီက ဖော်ပြခဲ့သည်။

ပတ်သည် နိုင်ငံရေးလောကထဲသို့ ပြန်ဝင်မည် ဟုတ်၊မဟုတ် ရှင်းလင်းစွာမသိရသေးသော်လည်း ဒီဇင်ဘာ ၃၁ ရက်က ထုတ်ပြန်ခဲ့သည့် ကိုယ်တွေ့မှတ်တမ်းတစ်ခုတွင် ၎င်းအားစီရင်ချက်ချမှတ်ခဲ့မှုသည် နိုင်ငံရေးအရ အရင်းခံသည့် လုပ်ဆောင်ချက်တစ်ရပ်ဖြစ်ခဲ့ပြီး တစ်နေ့နေ့တွင် ပြည်သူများနှင့် ထပ်မံတွေ့ ဆုံချင်သည်ဟု ပြောကြားခဲ့သည်။

Most Read

Most Recent