အပန်းဖြေဟိုတယ်များနှင့် လူစီးမီးပုံးပျံဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် AMATA က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ယင်းလုပ်ငန်းများမှရရှိသောဝင်ငွေမှာ ယခင်နှစ်ထက် ၉၅ ရာခိုင်နှုန်းကျော်လျော့ကျခဲ့ပြီး ကျပ် ၁၀ ဘီလျံအရှုံးပေါ်

အပန်းဖြေဟိုတယ်များနှင့် လူစီးမီးပုံးပျံဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် AMATA က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ယင်းလုပ်ငန်းများမှရရှိသောဝင်ငွေမှာ ယခင်နှစ်ထက် ၉၅ ရာခိုင်နှုန်းကျော်လျော့ကျခဲ့ပြီး ကျပ် ၁၀ ဘီလျံအရှုံးပေါ်
ရန်ကုန်စတော့အိတ်ချိန်တွင် အရောင်းအဝယ်ဖြစ်မှုအခြေအနေအား လာရောက်ကြည့်ရှုနေသူများကို ယခင်နှစ်က တွေ့ရစဉ်
ရန်ကုန်စတော့အိတ်ချိန်တွင် အရောင်းအဝယ်ဖြစ်မှုအခြေအနေအား လာရောက်ကြည့်ရှုနေသူများကို ယခင်နှစ်က တွေ့ရစဉ်
Published 30 December 2021

ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ AMATA Holding Public Co.,Ltd က အပန်းဖြေဟိုတယ်များနှင့် လူစီးမီးပုံးပျံဝန်ဆောင်မှုလုပ်ငန်းများ အဓိကလုပ်ကိုင်နေပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ယင်းလုပ်ငန်းများမှရရှိသောဝင်ငွေမှာ ယခင်နှစ်ကထက် ၉၅ ရာခိုင်နှုန်းကျော် လျော့ကျခဲ့ပြီး ကျပ် ၁၀ ဘီလျံအရှုံးပေါ်ခဲ့ကြောင်း AMATA Holding Public Co.,Ltd ၏ ဘဏ္ဍာရေးရှင်းတမ်းအပေါ် အခြေခံထားသည့် ကုမ္ပဏီစီမံအုပ်ချုပ်မှုအဖွဲ့၏ ဆွေးနွေးမှုများနှင့် လေ့လာဆန်းစစ်ချက်တွင် ဖော်ပြထားသည်။

အမတဟိုး(လ်)ဒင်းအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်သည် အပန်းဖြေဟိုတယ်များနှင့် လူစီးမီးပုံးပျံဝန်ဆောင်မှုလုပ်ငန်းများကို စီမံခန့်ခွဲခြင်းနှင့် လုပ်ကိုင်ဆောင်ရွက်ခြင်းကို အဓိကလုပ်ကိုင်နေခြင်းဖြစ် သည်။ အထူးသဖြင့် လုပ်ငန်းစု၏ဝင်ငွေသည် လုပ်ငန်းစုလက်အေက်ခံကုမ္ပဏီများဖြစ်သောလုပ်ငန်းစုမှ ၉၉ ဒသမ ၉၉ ရာခိုင်နှုန်း အစုရှယ်ယာပိုင်ဆိုင်သည့် UIG ကုမ္ပဏီနှင့် လုပ်ငန်းစုမှ ၅၁ ရာခိုင်နှုန်း အစုရှယ်ယာပိုင် ဆိုင်သည့် MB ကုမ္ပဏီများမှ ရရှိခဲ့သည်။

ဝင်ငွေများကို ခွဲခြားစိတ်ဖြာကြည့်မည်ဆိုပါက ဟိုတယ်နှင့် လူစီးမီးပုံးပျံလုပ်ငန်းများမှရသောဝင်ငွေ၊ အစားအသောက်နှင့်  အဖျော်ယမကာ (Food & Beverage) မှ ရသောဝင်ငွေနှင့်အခြား (spa operations, guest laundry, souvenir, etc.) မှရသော ဝင်ငွေများဟူ၍ရှိကြောင်း သိရသည်။

စက်တင်ဘာ ၃၀ ရက်တွင် ကုန်ဆုံးသည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အား ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်မည်ဆိုပါက  AMATA ၏ လုပ်ငန်းမှရရှိသောဝင်ငွေသည် ၉၅ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင်  ဖော်ပြထားသည်။

ယင်းသို့ ဝင်ငွေကျဆင်းရခြင်း၏အဓိကအကြောင်းအရင်းမှာ လူစီးမီးပုံပျံလုပ်ငန်းမှရရှိသော passenger income ၁၀၀ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းကြောင့်ဖြစ်သည်။

၎င်းဝင်ငွေများနှင့်ဆက်စပ်သော တိုက်ရိုက်ကုန်ကျစရိတ်များမှာ ၉၁ ဒသမ ၉ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့သော်လည်း ယခုနှစ်၏အကြမ်းအမြတ်မှာ ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ၉၇ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

အခြားဝင်ငွေမှာ ၆၂ ဒသမ ၆ ရာခိုင်နှုန်းတိုးတက်လာပြီး ထိုသို့တိုးတက်လာခြင်း၏ အကြောင်းအရင်းမှာ United International Group Limited (AMATA ၏ လက်အောက်ခံကုမ္ပဏီ) မှ AMATA International Company (AIC) သို့ အင်းလေးဟိုတယ်၏ ပိုင်ဆိုင်မှုများ လွှဲပြောင်းခြင်းအတွက် ပေးရန်ရှိသော ကျပ်နှစ်ဘီလျံကို စာရင်းချေမှု (written off) ပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

AMATA ၏ ဝင်ငွေများအပေါ် COVID-19 ကပ်ရောဂါ၏ ဆိုးရွားသောသက်ရောက်မှုများနှင့် ကျွနု်ပ်တို့ ထိန်းချုပ်၍မရနိုင်သော အခြေအနေများက ကြီးမားစွာထိခိုက်စေခဲ့ကာ အမြတ်အစွန်းရရှိမှုမှာလည်း ကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်နှင့်ကာလတူ  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် AMATA လုပ်ငန်းစု၏ လုပ်ငန်းဆောင်ရွက်နိုင်မှုနှင့် အမြတ်အစွန်းရရှိမှုတို့မှာ ပိုမိုဆိုးရွားခဲ့ကြောင်း၊ နိုင်ငံခြားငွေကြေးလဲလှယ်မှုမှလွဲ၍ အခြားကုန်ကျစရိတ်များဖြစ်သော Sales & Marketing ကုန်ကျစရိတ်များ၊ စီမံရေးရာနှင့် အထွေထွေကုန်ကျစရိတ်များမှ ဖြစ်ပေါ်လာသည့်အရှုံးသည် ယခင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် သိသိသာသာကျဆင်းလာခဲ့ကြောင်း စသည်တို့ကို ဖော်ပြထားသည်။

ကုမ္ပဏီ၏ စုစုပေါင်းအကြမ်းအမြတ်နည်းတူ ကုမ္ပဏီ၏ စုစုပေါင်းဝင်ငွေအလုံးစုံ (Total Comprehensive Income) မှာလည်း ယခင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ် ၁ ဒသမ ၅ ဘီလျံအမြတ်ရရှိခဲ့သော်လည်း ကာလတူ ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်မူ ကျပ် ၁၀ ဘီလျံအရှုံးပေါ်ခဲ့ကြောင်း  ဖော်ပြထားသည်။

Most Recent