၂၀၂၁-၂၀၂၂ ရာသီ လိဂ်ဖလား(Carabao Cup) ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်တွင် အာဆင်နယ်-လီဗာပူးလ်၊ ချယ်လ်ဆီး-စပါး ထိပ်တိုက်တွေ့ဆုံနေကြောင်း သိရသည်။
ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင်ကစားသည့် ကွာတားဖိုင်နယ် ဒုတိယနေ့ပွဲစဉ်များအပြီးတွင် ဆီမီးဖိုင်နယ်ပွဲစဉ်များ မဲနှိုက်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ပရီးမီးယားလိဂ် ထိပ်သီးကလပ်လေးသင်း ထိပ်တိုက်တွေ့ဆုံနေသည်။
မဲနှိုက်ရေးဆွဲမှု အရ အာဆင်နယ်နှင့် လီဗာပူးလ်၊ လန်ဒန် ဒါဘီပြိုင်ဘက် ချယ်လ်ဆီးနှင့် စပါးအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေပြီး ယခုရာသီမှစတင်ကာ ဆီမီးဖိုင်နယ်ကို နှစ်ကျော့စနစ်ဖြင့် ပြန်လည်ကစားရမည်ဖြစ်သည်။
ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်များကို ဇန်နဝါရီ ၄-၅ ရက်နှင့် ဒုတိယအကျော့ပွဲစဉ်များကို ဇန်နဝါရီ ၁၁-၁၂ ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အာဆင်နယ်နှင့် တွေ့ဆုံနေသည့် လီဗာပူးလ်အသင်းက ချန်ပီယံဆုဆွတ်ခူးရယူနိုင်ရန် ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။
နာမည်ကြီး လောင်းကစားဒိုင်များ၏ လောင်းကြေးဖွင့်မှုအရ လီဗာပူးလ်အသင်းက အလေးပေးမှု ၂/၁ ဖြင့် ရေပန်းအစားဆုံးဖြစ်နေပြီး ချယ်လ်ဆီးအသင်းက အလေးပေးမှု ၁၁/၅ ဖြင့် ဒုတိယ၊ အာဆင်နယ်အသင်းက အလေးပေးမှု ၄၃/၁၀ ဖြင့် တတိယ၊ စပါးအသင်းက အလေးပေးမှု ၉/၂ ဖြင့် စတုတ္ထနေရာတွင် အစဉ်လိုက် ရပ်တည်လျက်ရှိသည်။
ဆီမီးဖိုင်နယ်သို့ တက်ရောက်လာသည့်အသင်းများမှာ ယခုရာသီ ပရီးမီးယားလိဂ်တွင် ထိပ်တိုက်တွေ့ဆုံမှုအရ လီဗာပူးလ်အသင်းက အာဆင်နယ်ကို အန်ဖီးလ်ကွင်း၌ (၄-၀) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရထားပြီး ချယ်လ် ဆီးအသင်းကလည်း စပါးကို အဝေးကွင်း၌ (၀-၃) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရထားသည်။
လိဂ်ဖလားပြိုင်ပွဲတွင် လီဗာပူးလ်နှင့် မန်စီးတီး အသင်းက ချန်ပီယံဆုရှစ်ကြိမ်စီဖြင့် အအောင်မြင်ဆုံးအဖြစ် ရပ်တည်နေပြီး နောက်ဆုံးလေးနှစ်ဆက်ချန်ပီယံ မန်စီးတီးအသင်းမှာ စတုတ္ထအဆင့်မှ ထွက်ခဲ့ရသည်။















