မြန်မာ MMA ဖိုက်တာ အောင်လအန် ဆန်သည် ထပ်မံထိုးသတ်မည့်ပွဲကို ၂၀၂၂ နှစ်ဆန်းပိုင်းတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း လူမှုကွန်ရက်မှတစ်ဆင့် အသိပေးခဲ့သည်။
အောင်လအန်ဆန်သည် ယခုနှစ် ဇူလိုင် ၃၀ ရက်တွင် ဘရာဇီးလ်နိုင်ငံသား လီအန်ဒရို နှင့် စိန်ခေါ်ပွဲထိုးသတ်ပြီးနောက်ပိုင်း ပြိုင်ပွဲများနှင့် အဆက်ပြတ်နေသူဖြစ်ပြီး ယခင်က ယခုနှစ်ကုန်ပိုင်းတွင် ပွဲစဉ်တစ်ပွဲ ထိုးသတ်ရဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း One Championship ၏ တွဲဆိုင်းများ အပြောင်းအလဲကြောင့် လာမည့်နှစ်မှသာ အစောဆုံးထိုးသတ်ရမည်ဖြစ်သည်။
အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်းပွဲစဉ်များသာ ထိုးသတ်မည်ဖြစ်သောကြောင့် ဂျပန် နိုင်ငံသား အိုကာမီ၊ ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်၊ လက်ရှိ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဒီရစ်ဒါတို့သုံးဦးနှင့်သာ ယှဉ်ပြိုင်ရဖွယ်ရှိပြီး အိုကာမီ၊ ဘစ်ဒက်ရှ်တို့နှင့် ထိုးသတ် ပါက စိန်ခေါ်ပွဲသာ ထိုးသတ်ရမည်ဖြစ်ကာ ဒီရစ်ဒါနှင့် ထိုးသတ်ခွင့်ရပါက ချန်ပီယံဆု ပြန်လည်စိန်ခေါ်ခွင့်ရရှိမည်ဖြစ်သည်။
ဘစ်ဒက်ရှ်သည် ONE MMA ပွဲစဉ်များနှင့် ကာလ အတန်ကြာဝေးကွာနေပြီး ဒီဇင်ဘာ ၁၇ ရက် က ပြန်လည်ထိုးသတ်သည့်ပွဲတွင် တရုတ်နိုင်ငံသား ဖန်ယောင်ကို အမှတ်ဖြင့် အနိုင်ရခဲ့သည်။ ထို့ကြောင့် ဘစ်ဒက်ရှ်အနေဖြင့် အောင်လအန်ဆန်နှင့် ပြန်လည်ထိုးသတ်ခွင့်ရနိုင် မည့် အခွင့်အရေးရှိနေခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် ဒီဇင်ဘာ ၂၁ ရက်တွင် ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် ထပ်မံထိုးသတ်မည့်ပွဲနှင့်ပတ်သက်၍ ရေးသားဖော်ပြထားခြင်းဖြစ်ပြီး နှစ်ဆန်းပိုင်းမှ ထုတ်ပြန်မည်ဖြစ်သောကြောင့် ဖေဖော်ဝါရီနှင့် မတ်လတွင် ကျင်းပမည့်ပြိုင်ပွဲများမှသာ အစောဆုံးပါဝင်လာဖွယ်ရှိနေသည်။
One Championship သည် အောင်လအန်ဆန်၏ ပြိုင်ဘက်ကစားသမား ထုတ်ပြန်သည့်အချိန်မှသာ စိန်ခေါ်ပွဲ သို့မဟုတ် ချန်ပီယံလုပွဲ ထိုးသတ်ခွင့်ရမရ တစ်ပေါင်းတည်းထုတ်ပြန်သွားဖွယ်ရှိနေသည်။ သို့သော် အောင်လအန်ဆန်အနေဖြင့် လာမည့်ပွဲတွင် မစ်ဒယ်ဝိတ်တန်း ချန်ပီယံလုပွဲ ထိုးသတ်ခွင့် မရသေးပါကလည်း ယင်းပွဲတွင် အနိုင်ရပါက ချန်ပီယံဆု တစ်ကျော့ပြန်စိန်ခေါ်ခွင့်ရရန် သေချာသလောက်ရှိနေသည်။ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၃၀ ရက် က ထိုးသတ်သည့်ပွဲတွင် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါကို အရေးနိမ့်ပြီး လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။
ယင်းကစားသမားနှစ်ဦးသည် ယခုနှစ် ဧပြီလကုန်ပိုင်းတွင် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ထပ်မံယှဉ်ပြိုင်ရာတွင်လည်း ဒီရစ်ဒါကပင် ထပ်မံအနိုင်ရရှိကာ အောင်လအန်ဆန်ရရှိထားသည့် မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု နှစ်ခုစလုံး ရယူနိုင်ခဲ့သည်။
အသက် ၃၆ နှစ်အရွယ်ရှိ အောင်လအန် ဆန်သည် အသက်အရွယ်အရ မစ်ဒယ်ဝိတ် တန်းပွဲစဉ်များသာ ဦးစားပေးထိုးသတ်ရန် ဆုံးဖြတ်ထားသူဖြစ်ပြီး ကစားသမားဘဝမှ အနားမယူမီ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုအား ပြန်လည်ရယူနိုင်ရန် ပစ်မှတ်ထား ကြိုးပမ်းလျက်ရှိသည်။ အောင်လအန်ဆန် သည် ကစားသမားဘဝတစ်လျှောက် MMA ပွဲပေါင်း ၄၀ ထိုးသတ်ထားရာတွင် ၂၇ ပွဲနိုင်၊ ၁၂ ပွဲရှုံးနိမ့်ထားပြီး တစ်ပွဲမှာမူ ပွဲမပြီးမီ ဖျက်သိမ်းခဲ့ကြောင်း သိရသည်။















