မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ခရီးသည် အမျိုးသမီးတစ်ဦးထံမှ ဖောက်ခွဲရေး ပြုလုပ်ရာတွင် အသုံးပြုမည့် ဒီတိုနေတာ ၉၈ ခုဖမ်းဆီးရမိပြီး ဆက်စပ်ဖော်ထုတ်ရာ ဒီတိုနေတာ ၁၀၀၀ ခုထပ်မံဖမ်းဆီးရမိ

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ခရီးသည် အမျိုးသမီးတစ်ဦးထံမှ ဖောက်ခွဲရေး ပြုလုပ်ရာတွင် အသုံးပြုမည့် ဒီတိုနေတာ ၉၈ ခုဖမ်းဆီးရမိပြီး ဆက်စပ်ဖော်ထုတ်ရာ ဒီတိုနေတာ ၁၀၀၀ ခုထပ်မံဖမ်းဆီးရမိ
Published 22 December 2021

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည် အမျိုးသမီးတစ်ဦးထံမှ ဖောက်ခွဲရေး ပြုလုပ်ရာတွင် အသုံးပြုမည့် ဒီတိုနေတာ ၉၈ ခုဖမ်းဆီးရမိပြီး ဆက်စပ်ဖော်ထုတ်ရာ ဒီတိုနေတာ ၁၀၀၀ ခု ထပ်မံဖမ်းဆီးရမိကြောင်း ဒီဇင်ဘာ ၂၁ ရက်ညပိုင်း MRTV သတင်းကြေညာချက်အရ သိရသည်။

ကြေညာချက်အရ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လေယာဉ် ဖြင့်ထွက်ခွာလိုက် ပါမည့်ခရီးသည် အမျိုးသမီးတစ်ဦးထံမှ ဖောက်ခွဲရေးပြုလုပ်ရာတွင် အသုံးပြုမည့် ဒီတိုနေတာ ၉၈ ခု ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပါဝင်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ထံမှ ဒီတိုနေတာ ၁၀၀၀ ခု ထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ၂ဝရက် နံနက် ၈ နာရီ ၂၅ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ မန္တလေးပြည်ပြည်ဆိုင်ရာလေဆိပ်၊ အမှတ်(၁)ထွက်ခွာ X-Ray စက်၌ တာဝန်ကျတပ်ဖွဲ့ဝင်များက ခရီးသည်များအား ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်နေစဉ် လေယာဉ်အမျိုးအစား ART-72 ၊ ခရီးစဉ် အမှတ် K7-771 ဖြင့် မန္တလေးမြို့မှ ခန္တီးမြို့သို့ လိုက်ပါမည့် ခရီးသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာနေ မမိုးမြင့်လှိုင် ၂၀ နှစ် (ဘ) ဦးဟွန်းထိုက်၏ ဂျပ်ဖာဘူးအတွင်းမှ ဖလူဇာဆေးကဒ်များဖြင့် ရောနှောသယ်ဆောင်လာသည့် (SOD-Special Ordinary Detonator) တံဆိပ်ပါဘူးအတွင်းမှ ဖောက်ခွဲရေးပြုလုပ်ရာတွင် အသုံးပြုမည့် ဒီတိုနီတာ ၉၈ ခုအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး မမိုးမြင့်လှိုင်၏ ထွက်ဆိုချက်အရ အဆိုပါ ဒီတိုနေတာများအား သယ်ဆောင်ခိုင်းခဲ့သည့် မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြားရှိ အိမ်အမှတ်(၄၀) နေမအေး အေးချစ် (ခ)ဘုတ်ဆုံ (၃၉) နှစ် (ဘ) ဦးသိန်းချစ်နှင့် သယ်ဆောင်လာသည့် ဒီတိုနေတာများအား လွှဲပြောင်းလက်ခံပေးမည့် ဆင်သေကျေးရွာနေ မမိုးမြင့်လှိုင်၏မိခင်ဖြစ်သူ ဒေါ်လောဟွေ (ခ) ဒေါ်ကြောင်ဖဟေ (ခ) ဒေါ်တင်သိန်း ၆၃ နှစ်တို့အား ၎င်းတို့၏နေအိမ်အသီးသီးတွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုသို့ထပ်မံဖမ်းဆီးရမိသူ မအေးအေးချစ် (ခ) ဘုတ်ဆုံ၏ထွက်ဆိုချက်အရ ညနေ ၄ နာရီခွဲခန့်တွင် ၎င်း၏ နေအိမ်သို့ဒီတိုနေတာများ ထပ်မံလာရောက်ပို့ဆောင်သူ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအရှေ့ရပ်ကွက်၊ အမြောက်တန်းဗလီဝင်းနေ ဦးသိန်းထွန်း ၄၇ နှစ် (ဘ) ဦးသိန်းမောင်နှင့်၎င်း၏ဇနီးဖြစ်သူ ဒေါ်ခင်ဖြူဝင်း (ခ) ဇိုင်တွန်ဘီ ၄၂ နှစ် (ဘ) ဦးမြင့်ဦးတို့အား ဒီတိုနေတာကတ်သီးတစ်ဘူးလျှင် ၁၀၀ ခုစီပါ ၁၀ ဘူး၊ စုစုပေါင်း ၁၀၀၀ ခုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဖောက်ခွဲရေးပြုလုပ်ရာတွင် အသုံးပြုမည့် ဒီတိုနေတာများ သယ်ယူပို့ဆောင်ခဲ့သည့် ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း MRTV သတင်းကြေညာချက်အရ သိရသည်။

Most Read

Most Recent