မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင် ပုဒ်မ ၅၀၅(ခ)ဖြင့် ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခံရ

မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင် ပုဒ်မ ၅၀၅(ခ)ဖြင့် ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခံရ
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်အား တွေ့ရစဉ်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်အား တွေ့ရစဉ်
Published 21 December 2021

မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)ဖြင့် အလုပ်နှင့်ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခံရကြောင်း ၎င်းအမှုနှင့်ပတ်သက်ပြီး လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေများ၏ နီးစပ်သူများထံမှ သိရသည်။

ဒေါက်တာအေးဇံအနေဖြင့် CDM လှုပ်ရှားမှုတွင် ဝန်ထမ်းများအနေဖြင့် ပါဝင်ပေးကြရန် တိုက်တွန်းခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ)ဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက အမှုဖွင့်အရေးယူခံထားရပြီးနောက် ကျိုက်မရောအကျဉ်းထောင်တွင် ဖွင့်လှစ်ထားသည့် အထူးတရားရုံးက ဒီဇင်ဘာ ၂၀ ရက်တွင် အပြီးသတ်အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

 “မနေ့ (ဒီဇင်ဘာလ၂၀ ရက်) က ကျိုက်မရောအကျဉ်းထောင်မှာ ဖွင့်လှစ်ထားတဲ့ အထူးတရားရုံးက ဒေါက်တာအေးဇံအပေါ် ပုဒ်မ ၅၀၅ (ခ) အမှုအဖွင့်ကို အလုပ်နဲ့ထောင်ဒဏ် နှစ်နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ အဲ့ဒီအမိန့်နဲ့ပတ်သက်လို့ အယူခံတက်၊ မတက်တော့ မသိရသေးဘူး” ဟု  အဆိုပါ အမှုနှင့်ပတ်သက်ပြီး လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေများ၏ နီးစပ်သူတစ်ဦးက ပြောကြားသည်။

ထို့အပြင် ဒေါက်တာအေးဇံမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် အမှု ကိုးမှု ဖွင့်လှစ်ခံထားရပြီး လက်ရှိတွင် ယင်းအမှုများနှင့် ပတ်သက်ပြီး တရားလိုပြသက်သေများကို စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်ကိုလည်း ပုဒ်မ ၅၀၅(ခ) ဖြင့် ဒီဇင်ဘာ ၂၀ ရက်က မုံရွာမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

"မနေ့က မုံရွာမြို့အကျဉ်းထောင်ထဲက တရားရုံးကနေ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင် ၅၀၅ ခအရ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်တယ်။နောက်ပြီး သူ့ကို အဂတိ ခုနစ်မှုနဲ့ မုံရွာအကျဉ်းထောင်ထဲက တရားရုံးမှာ ဆက်ပြီး စစ်ဆေးနေတယ်" ဟု စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်နှင့်နီးစပ်သူတစ်ဉီးက ပြောကြားသည်။

NLD အစိုးရလက်ထက် ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သူများအနက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ အမှု ငါးမှုအတွက် ထောင်ဒဏ် (၇၅) နှစ်နှင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)အမှုအတွက် ထောင်ဒဏ် နှစ်နှစ်၊ စုစုပေါင်းထောင်ဒဏ် (၇၇) နှစ်၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဦးမြင့်မောင်မှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) အမှုအတွက် ထောင်ဒဏ် နှစ်နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ  ၂၅ အမှုအတွက် ထောင်ဒဏ် (၂) နှစ်၊ ပြည်သူ့ဝန်ထမ်းက ရာဇဝတ်မှုမကင်းသော ယုံကြည်အပ်နှံဖောက်ဖျက်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၄၀၉ အမှုအတွက် ထောင်ဒဏ် (၇) နှစ်၊ စုစုပေါင်း ထောင်ဒဏ် (၁၁) နှစ်၊ မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညိုမှာလည်း နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ - ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် (၂) နှစ်၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ကိုလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ နှစ်ခုအတွင် ထောင်ဒဏ် (၂) နှစ်နှင့် ပုဒ်မ - ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် (၂) နှစ်၊ စုစုပေါင်း ထောင်ဒဏ် (၄) နှစ်နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုအား ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် (၂) နှစ်ဖြင့် ချမှတ်ခံထားရသည်။

Most Read

Most Recent