တပ်မတော်က လေးကေကော်ဒေသတွင် လေကြောင်းတိုက်ခိုက်မှုများအား အချိန်မရွေး ပြုလုပ်လာနိုင်သည့်အတွက် UN က ဦးစီး၍ အရေးပေါ်အစည်းအဝေးများ ကျင်းပပြီး လေကြောင်းပျံသန်းမှု ကင်းမဲ့ဇုံအဖြစ် သတ်မှတ်ပေးရန် KNU တောင်းဆို

တပ်မတော်က လေးကေကော်ဒေသတွင် လေကြောင်းတိုက်ခိုက်မှုများအား အချိန်မရွေး ပြုလုပ်လာနိုင်သည့်အတွက် UN က ဦးစီး၍ အရေးပေါ်အစည်းအဝေးများ ကျင်းပပြီး လေကြောင်းပျံသန်းမှု ကင်းမဲ့ဇုံအဖြစ် သတ်မှတ်ပေးရန် KNU တောင်းဆို
Published 20 December 2021

တပ်မတော်က လေးကေကော်ဒေသတွင် လေကြောင်းတိုက်ခိုက်မှုများအား အချိန်မရွေး ပြုလုပ်လာနိုင်သည့်အတွက် UN က ဦးစီး၍ အရေးပေါ်အစည်းအဝေးများ ကျင်းပပြီး လေကြောင်းပျံသန်းမှု ကင်းမဲ့ဇုံအဖြစ် သတ်မှတ်ပေးရန် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဒီဇင်ဘာ ၂၀ ရက်တွင် ကြေညာချက်ထုတ်ပြန် တောင်းဆိုသည်။

ဒူးပလာယာခရိုင်အတွင်းရှိ လေးကေကော်မြို့သစ်တွင် နိုင်ငံရေးဖြစ်စဉ်များကြောင့် တိမ်းရှောင်လာသူများဖြစ်သော နိုင်ငံရေးသမားများ၊ အကြမ်းမဖက် ဆန့်ကျင်သူများ၊ တက်ကြွလှုပ်ရှားသူများ ခေတ္တခဏ ခိုလှုံနေကြသည်ကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက လူသားချင်း စာနာထောက်ထားမှု အခြေခံမှ ကာကွယ်စောင့်ရှောက်ပေးနေကြောင်းနှင့် ဒီဇင်ဘာ ၁၅ ရက်တွင် ဖြစ်ပေါ်သော တိုက်ပွဲများသည် KNU အနေဖြင့် မိမိကိုယ်မိမိ ခုခံကာကွယ်ရသည့်အခြေခံမှ ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်း စသဖြင့် ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် တိုက်ပွဲများမှ ဘေးလွတ်ကင်းရာဖြစ်သော ထိုင်းနိုင်ငံဖက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်သူ ပြည်သူလူထု ၃၀၀၀ ကျော်အား လူသားချင်း စာနာထောက်ထားမှုအခြေခံဖြင့် ခေတ္တလက်ခံ နေရာချထားပေးသည့် ထိုင်းနိုင်ငံအစိုးရနှင့် ထိုင်းပြည်သူလူထုအား ကျေးဇူးအထူးတင်ရှိကြောင်း ၊ ဒီဇင်ဘာ ၁၉ ရက်တွင်လည်း တိုက်ပွဲကြောင့် ထပ်မံ၍ ထွက်ပြေးတိမ်းရှောင်သူ ၂၀၀၀ ကျော်အားလည်း နယ်စပ်ဖြတ်ခွင့် ပေးသည့်အတွက် ထိုင်းနိုင်ငံအား ကျေးဇူးတင်ရှိသည့်နည်းတူ သင့်တော်သည့် နေရာထိုင်ခင်း ချထားပေးမှုရရှိရေးအတွက်လည်း မျှော်လင့်ကြောင်း ၊ ထို့နည်းတူ ပြည်တွင်းပြည်ပရှိ ကရင်အမျိုးသားများ၊ တိုင်းရင်းသား ပြည်သူလူထုများ ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ လက်ရှိဖြစ်ပေါ်လာနေသော တိုက်ပွဲများ အခြေအနေကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူလူထုများတို့၏ လိုအပ်သည့် အစားအသောက်၊ ဆေးဝါးနှင့် ယာယီခိုလုံရေး လိုအပ်မှုများကို ပံ့ပိုးကူညီမှုများအတွက် အထူးကျေးဇူးတင်ရှိပြီး ကူညီပံ့ပိုးမှုများအတွက် ဆက်လက်ပါဝင်ပြီး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြင့်လုပ်ဆောင်သွားကြရန် အထူးတိုက်တွန်းလိုကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ပါရှိသည်။

ယင်းအပြင် ယခုလတ်တလော ဖြစ်ပွားနေသာ တိုက်ပွဲများအတွက် KNU အနေဖြင့် သက်ဆိုင်သူများအား အောက်ပါအတိုင်း တောင်းဆိုကြောင်း ၊ အိမ်နီးချင်း ထိုင်းနိုင်ငံအစိုးရအနေဖြင့် တိုက်ပွဲမှ ထွက်ပြေး တိမ်းရှောင်နေသူများအား နိုင်ငံတကာ အဖွဲ့အစည်းများ၏ ဝင်ရောက်တွေ့ဆုံခွင့်နှင့် လိုအပ်သည့် အကူအညီများ ပေးအပ်နိုင်ရေးအတွက် ကူညီပံ့ပိုးမှုများ စီစဉ်ဆောင်ရွက်ပေးရန် ၊ တပ်မတော်ဘက်မှ

လေကြောင်းတိုက်ခိုက်မှုများအား လေးကေကော်ဒေသတွင် အချိန်မရွေး ပြုလုပ်လာနိုင်သည့်အတွက် ကမ္ဘာ့ကုလသမဂ္ဂမှ ဦးစီးလျှက် အရေးပေါ်အစည်းအဝေးများ ကျင်းပပြီး လေကြောင်းပျံသန်းမှု ကင်းမဲ့ဇုံအဖြစ် သတ်မှတ်ပေးရန် ၊  တပ်မတော်အနေဖြင့် ၎င်းတို့၏ တပ်ဖွဲ့ဝင်များအား တိုက်ပွဲဖြစ်ပွားရာ အဆိုပါ ဒေသများမှ ပြန်လည် ရုတ်သိမ်းသွားရန် ၊ တပ်မတော်အနေဖြင့် အနာဂတ်နိုင်ငံရေးတွင် ပါဝင်စွက်ဖက်မှုများမှ ဆုတ်ခွာကြောင်း ကတိပေး လုပ်ဆောင်ခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင်ခြင်းသည်သာလျှင် နှစ်ပေါင်း (၇၀) ကျော် ကြာမြင့်ခဲ့ပြီး ပိုမိုပြင်းထန်လာနေသည့် ပြည်တွင်းစစ် ချုပ်ငြိမ်းရေး၏ အဖြေသာဖြစ်ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန် တောင်းဆိုကြောင်း KNU ၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။

Most Read

Most Recent