မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်တွင် ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက တပ်မတော်နှင့် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
"မနက် ၁၁ နာရီလောက်ကနေစပြီး ပစ်နေကြတာ။ ရွာထဲမှာ လူတွေမရှိတော့ဘူး။ သမီးတို့ တစ်အိမ်က ထွက်မရသေးလို့ ကျန်နေတာ။ လက်နက်ကြီးသံတွေလည်း ကြားနေရတယ်" ဟု လေးကေ့ကော်ကျေးရွာ၌ နေထိုင်သူတစ်ဦးက ပြောကြားသည်။
လေးကေ့ကော်မြို့သစ်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်လာသူအချို့အား တွေ့ရစဉ်
ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေအတွင်းရှိ လေးကေ့ကော်မြို့သစ်တွင် ဖမ်းဆီးရမည့်သူများရှိသည်ဟုဆိုကာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယမန်နေ့က ဝင်ရောက်ဖမ်းဆီးခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်အပါအဝင် လူဦးရေ ၂၀ ကျော် ဖမ်းဆီးခံခဲ့ရသည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး ယနေ့ (ဒီဇင်ဘာ ၁၅ ရက်) တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ထိုသို့တိုက်ပွဲဖြစ်ပွားမှုကြောင် ဒေသခံထောင်နှင့်ချီ၍ နီးစပ်ရာကျေးရွာများသို့ ရှောင်တိမ်းနေရကြောင်း ဒေသခံများက ဆိုသည်။
တိုက်ပွဲတိမ်းရှောင်လာသူ ကလေးမိခင်တစ်ဦးက "ကလေးကို သစ်ပင်ရင်းမှာ ပုခက်နဲ့ ချိတ်ထားပြီး တစ်သက်လုံး ဒီလိုပြေးရမယ်လို့ မထင်ဘူး။ သမီးလေးကို အရမ်းသနားတာပဲ" ဟု ပြောကြားသည်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် လူသူကင်းမဲ့နေသည့် လေးကေ့ကော်မြို့သစ်အား တွေ့ရစဉ်
ယနေ့ (ဒီဇင်ဘာ ၁၅ ရက်) နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် သေဆုံး၊ ဒဏ်ရာရသူများရှိသည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရပြီး ညနေ ၆ နာရီခန့်တွင် ထပ်မံပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများက ဆိုသည်။
လေးကေ့ကော်မြို့သစ်မှ ဒေသခံများအနေဖြင့် ထီးမယ်ဝါးခီ၊ အင်ကြင်းမြိုင်၊ မယ်ထော်သလေး၊ မင်းလက်ပန်၊ ရသေ့ဂူ စသောကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများနှင့် နေအိမ်အချို့တွင် တိမ်းရှောင်ခိုလှုံနေရကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် လူသူကင်းမဲ့နေသည့် လေးကေ့ကော်မြို့သစ်အား တွေ့ရစဉ်
လေးကေ့ကော်မြို့သစ်တွင် ဖြစ်ပွားနေသောတိုက်ပွဲကြောင့် သောင်ရင်းမြစ်တစ်ဖက်ကမ်းရှိ ထိုင်းနိုင်ငံဘက်၌ လုံးခြုံရေးများ တိုးမြှင့်ထားပြီး စောင့်ကြပ်လျက်ရှိသည်ဟု ကနဦး စုံစမ်းသိရှိရသည်။
လေးကေ့ကော်ကျေးရွာသည် သမ္မတဦးသိန်းစိန်လက်ထက်က ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်များနှင့် ညှိနှိုင်း၍ ငြိမ်းချမ်းရေးသင်္ကေတအဖြစ် တည်ဆောက်ခဲ့သော မြို့သစ်ဖြစ်သည်။















