ပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးပုဒ်မများဖြင့် ထောင်ဒဏ်အသီးသီး အမိန့်ချခံထားရသည့် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်အပါအဝင် အစိုးရအဖွဲ့ဝင်ဟောင်းများ၏ အမှုများအတွက် အယူခံတင်သွင်းမည်

ပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးပုဒ်မများဖြင့် ထောင်ဒဏ်အသီးသီး အမိန့်ချခံထားရသည့် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်အပါအဝင် အစိုးရအဖွဲ့ဝင်ဟောင်းများ၏ အမှုများအတွက် အယူခံတင်သွင်းမည်
Published 14 December 2021

ပုဒ်မ ၅၀၅ (ခ)၊  သဘာဝဘေးပုဒ်မများဖြင့် ထောင်ဒဏ်အသီးသီး အမိန့်ချခံထားရသည့်  မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်အပါအဝင် အစိုးရအဖွဲ့ဝင်ဟောင်းများ၏ အမှုများအတွက် အယူခံတင်သွင်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“ မြို့နယ်ရုံးက ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်တွေနဲ့ပတ်သက်ပြီး အထက်ရုံးကိုအယူခံတင်သွင်းသွားမှာပါ။ အယူခံကာလ ရက် ၃၀ အတွင်း တင်သွင်းရမှာဖြစ်လို့ တင်သွင်းပြီးမှပဲ ရုံးချိန်းရက် ပြန်သိရမယ်။ ဆရာဇော်အပါအဝင် ဝန်ကြီးအားလုံးကို ချမှတ်ထားတဲ့ အမှုတွေအတွက် ဖြစ်ပါတယ်” ဟု မန္တလေးတိုင်းအစိုးရ အဖွဲ့ဝင်ဟောင်းများအား တရားစွဲဆိုထားသည့်အမှုများကို လိုက်ပါဆောင်ရွက်ပေးခဲ့သည့် ရှေ့နေတစ်ဦးက ပြောကြားသည်။

ပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးပုဒ်မများဖြင့် တရားစွဲဆိုထိန်းသိမ်းခံထားရသည့် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်အပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီးဟောင်းများကို ဒီဇင်ဘာ ၈ ရက်တွင် ထောင်ဒဏ်အသီးသီး အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားသည့် ဒေါက်တာဇော်မြင့်မောင်ကို ထောင်ဒဏ် နှစ်နှစ်၊ သဘာဝဘေးပုဒ်မ ၂၅ ဖြင့် ထောင်ဒဏ် နှစ်နှစ်၊ ပုဒ်မ ၃၀(က) အတွက် တစ်နှစ်ချမှတ်ခဲ့ပြီး သဘာဝဘေးပုဒ်များကို တစ်ပေါင်းတည်းကျခံစေရန် ချမှတ်လိုက်သည့်အတွက် စုစုပေါင်း လေးနှစ်ကျခံရမည် ဖြစ်သည်။

ထို့ပြင် မြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင်ကို ပုဒ်မ ၅၀၅ (ခ) အတွက် ထောင်ဒဏ် နှစ်နှစ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဟောင်း ဒေါက်တာစိုးသန်း၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဟောင်း ဦးဇာနည်အောင်နှင့် မန္တလေးတိုင်း NLD အတွင်းရေးမှူး ဦးတင်ကိုကိုတို့ကို သဘာဝဘေးပုဒ်မ၂၅ အတွက် ထောင်ဒဏ် နှစ်နှစ်၊ ပုဒ်မ ၃၀ (က) အတွက် တစ်နှစ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ‌ကြေညာချက် ငါးစောင်ထုတ်ပြန်ခဲ့ရာ အဆိုပါကြေညာချက်များသည် လက်ရှိအစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက်မှု ဖြစ်အောင် တစ်ဦးတစ်ယောက်က ကျူးလွန်ချင်လာအောင်၊ အများပြည်သူကိုလည်းကောင်း၊ အများပြည်သူ၏ သီးခြား၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိကြောင်း သို့မဟုတ် ထိုသို့ဖြစ်စေနိုင်သည့် အကြောင်းရှိခြင်းကြောင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ထို့သို့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ကြေညာချက်များထုတ်ပြန်မှုသည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်သည်ဟုဆိုကာ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေများ ပုဒ်မ၂၅၊ ၃၀ (က)၊ မြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင်ကို ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် အောင်မြေသာစံမြို့နယ် တရားရုံးတွင်လည်း‌ကောင်း၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဟောင်း ဦးဇာနည်အောင်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဟောင်း ဒေါက်တာစိုးသန်းအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ၂၅၊ ၃၀(က)၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဟောင်း ဦးမျိုးသစ်နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇေယျတို့ကိုလည်း ပုဒ်မ ၅၀၅ (ခ) ဖြင့် ချမ်းအေးသာစံမြို့နယ်တရားရုံးတို့တွင် အသီးသီးတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent