ပြည်ပမှကုန်စည်များ တင်သွင်းမှုအတွက် နိုင်ငံခြားငွေကြေးအသုံးပြုမှုကို ထိန်းညှိဆောင်ရွက်နိုင်ရန် ကုန်စည်အချို့ သွင်းကုန်လိုင်စင်စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ရာ ဒီဇင်ဘာ ၁၆ ရက်မှစ၍ သွင်းကုန်လိုင်စင် လျှောက်ထားခွင့်ပြုမည်

ပြည်ပမှကုန်စည်များ တင်သွင်းမှုအတွက် နိုင်ငံခြားငွေကြေးအသုံးပြုမှုကို ထိန်းညှိဆောင်ရွက်နိုင်ရန် ကုန်စည်အချို့ သွင်းကုန်လိုင်စင်စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ရာ ဒီဇင်ဘာ ၁၆ ရက်မှစ၍ သွင်းကုန်လိုင်စင် လျှောက်ထားခွင့်ပြုမည်
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကိုတွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကိုတွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
Published 14 December 2021

ပြည်ပမှကုန်စည်များ တင်သွင်းမှုအတွက် နိုင်ငံခြားငွေကြေးအသုံးပြုမှုကို ထိန်းညှိဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပြည်ပမှ တင်သွင်းသည့်ကုန်စည်အချို့ကို သွင်းကုန်လိုင်စင်စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ရာ ဒီဇင်ဘာ ၁၆ ရက်မှစ၍ သွင်းကုန်လိုင်စင် လျှောက်ထား ခွင့်ပြုမည်ဖြစ်ကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်ပမှတင်သွင်းသည့်ကုန်စည်များနှင့် စပ်လျဉ်း၍ သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုအပ်သော ကုန်စည်လိုင်းအဖြစ် 2017 Customs Tariff of Myanmar အရ H.S Code 6 Digit ဖြင့် ကုန်စည် ၁၄၂၈ လိုင်း သို့မဟုတ် H.S Code 10 Digit ဖြင့် ကုန်စည် ၃၀၇၀ လိုင်းကို သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအား ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်၍ သတ်မှတ်သည့် ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သည့် သတင်းလွှာ (၁၈/ ၂၀၂၁) ဖြင့် ထုတ်ပြန်ထားသည်။

အဆိုပါသတင်းလွှာ၏ ပူးတွဲပါကုန်စည်လိုင်းများအား ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ သွင်းကုန်လိုင်စင်လျှောက်ထားရန် သတ်မှတ်ထားသော်လည်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ လုပ်ငန်းဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေစေရေးအတွက် သွင်းကုန်လိုင်စင် လျှောက်ထားမှုများရှိပါက  ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်မှစတင်၍ သွင်းကုန်လိုင်စင် လျှောက်ထားခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ပမှတင်သွင်းသည့်ကုန်စည်များ နှင့်စပ်လျဉ်း၍ သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအဖြစ် ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ (၁၈/၂၀၂၁) ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၉ ရက်စွဲဖြင့် ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

COVID-19 ရောဂါကူးစက်မှု နောက်ဆက်တွဲအနေဖြင့် စီးပွားရေးလုပ်ငန်းများ တုံ့ဆိုင်းခြင်းကို ပြန်လည်ကုုစားနိုင်ရန် နိုင်ငံ၏ ပို့ကုန်တင်ပို့မှု၊ သွင်းကုန်တင်သွင်းမှုများ စနစ်တကျရှိစေရန်နှင့် ပြည်ပမှကုန်စည်များ တင်သွင်းမှုများအတွက် နိုင်ငံခြားငွေကြေး အသုံးပြုမှုကို ထိန်းညှိဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပြည်ပမှတင်သွင်းသည့် ကုန်စည်အချို့ကို သွင်းကုန်လိုင်စင်စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

ထိုသို့ ကုန်စည်လိုင်းများကို သွင်းကုန်လိုင်စင်စနစ်သို့ ပြောင်းလဲကျင့်သုံးရာတွင် တင်သွင်းသည့်လုပ်ငန်းရှင်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်စေရန်အတွက် အဆင့်လိုက်ခွဲ၍လိုင်စင်လျှောက်ထားရန်လိုသော စာရင်းကို ထုတ်ပြန်မည်ဖြစ်သည်။

ပထမအဆင့်အနေဖြင့် အီလက်ထရွန်နစ်ပစ္စည်းများ၊ စားသောက်ကုန်အချို့၊ အလှကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ စက္ကူပစ္စည်းများ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများနှင့် သက်ဆိုင်သည့်ပူးတွဲပါ 2017 Customs Tariff of Myanmar အရ H.S Code 6 Digit ဖြင့် ကုန်စည် ၁၄၂၈ လိုင်း သို့မဟုတ် H.S Code 10 Digit ဖြင့် ကုန်စည် ၃၀၇၀ လိုင်းကို သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအဖြစ် ၂၀၂၂ ခု နှစ် ဇန်နဝါရီ ၁ ရက်မှစတင်၍ သတ်မှတ်လိုက်သည်။

သို့ဖြစ်ရာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၂ ရက်တွင် ထုတ်ပြန်သောအမိန့်ကြော်ငြာစာအမှတ် ၆၈ /၂၀၂၀ အရ သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုအပ်သော H.S Code10 Digit ဖြင့် ကုန်စည်လိုင်း ၃၉၃၁ လိုင်းအပါအဝင် ထုတ်ပြန်ချက်တွင် ပူးတွဲဖော်ပြထားသည့် HS Code များဖြင့် သတ်မှတ်ထားသော ကုန်စည်များသည် သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုအပ်သော ကုန်စည်လိုင်းများဖြစ်ကြောင်းနှင့် အထက်အပိုဒ် ၃ ပါ လိုင်စင်လျှောက်ထားရန် လိုသော ကုန်စည်လိုင်းများအနက် မည်သည့်ကုန်စည်ကိုမဆို ပြည်ပမှ ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှတင်သွင်းရာတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်၍လုပ်ထုံးလုပ်နည်းနှင့်အညီ သွင်းကုန်လိုင်စင်လျှောက်ထား ရယူပြီးမှသာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်လိုက်သည်။

သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုသော အထက်အပိုဒ် (၃) ပါ ကုန်စည်စာရင်းအား ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အမိန့်ကြော်ငြာစာ ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent