■ လီဗာပူးလ်နှင့်ပွဲတွင် ရလဒ်ကောင်းအောင် ကြိုးစားသွားမည်ဟု အက်စတွန်ဗီလာနည်းပြ စတီဗင်ဂျရတ် ဆို

■ လီဗာပူးလ်နှင့်ပွဲတွင် ရလဒ်ကောင်းအောင် ကြိုးစားသွားမည်ဟု အက်စတွန်ဗီလာနည်းပြ စတီဗင်ဂျရတ် ဆို
Photo: Getty Images
Photo: Getty Images
Published 11 December 2021

အက်စတွန်ဗီလာနည်းပြ စတီဗင်ဂျရတ်က လီဗာပူးလ်အသင်းနှင့်ပွဲတွင် ရလဒ်ကောင်းအောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အက်စတွန်ဗီလာအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၁၆)အဖြစ် ယနေ့(စနေနေ့)တွင် အန်ဖီးလ်ကွင်း၌ လီဗာပူးလ်အသင်းနှင့်ကစားရမည်ဖြစ်ပြီး ဂျရတ်အနေဖြင့် ကစားသမားဘဝက အသင်းဟောင်းကို ပြိုင်ဘက်အဖြစ် ပြန်လည်ရင်ဆိုင်ရမည်ဖြစ်သည်။ 

စတီဗင်ဂျရတ်သည် ကစားသမားဘဝတွင် လီဗာပူးလ်အသင်း၌ (၁၇)နှစ်ကြာ ကစားခဲ့ပြီး အသင်း၏ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သည်။ 

သို့သော် လီဗာပူးလ်အသင်းကို ပြိုင်ဘက်အဖြစ် ပြန်လည်ရင်ဆိုင်မည့်ပွဲတွင် လီဗာပူးလ်အသင်းကို အနိုင်ယူလိုကြောင်း အက်စတွန်ဗီလာနည်းပြ ဂျရတ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂျရတ်က "အန်ဖီးလ်ကွင်းဟာ တခြားလူတွေအတွက်တော့ စိတ်လှုပ်ရှားစရာတွေ ဆူညံနေပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်ကတော့ အန်ဖီးလ်ကွင်းမှာ ရလဒ်ကောင်းရယူနိုင်ဖို့အတွက် အသင်းကို အကောင်းဆုံးပြင်ဆင်သွားမှာပါ။ ကျွန်တော့်အတွက် အနိုင်(၃)မှတ်က အရေးကြီးပြီး ပွဲချိန်ပြည့်အာရုံစိုက်ကစားရမယ့်ပွဲဖြစ်ပါတယ်။ တကယ်လို့ အန်ဖီးလ်မှာ နိုင်ခဲ့လို့ လီဗာပူးလ်ပရိသတ်တွေကြားမှာ ကျွန်တော့်ရဲ့ကျော်ကြားမှု ကျဆင်းသွားမယ်ဆိုရင်လည်း ကျွန်တော် လက်ခံပါတယ်"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ဂျရတ်က ၎င်း၏နည်းပြဘဝအတွက် အကြံကောင်းများပေးခဲ့သည့် လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်ကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ 

အက်စတွန်ဗီလာအသင်းသည် ဂျရတ်လက်ထက်တွင် ကစားခဲ့သည့် ပရီးမီးယားလိဂ် (၄)ပွဲတွင် (၃)ပွဲအထိ အနိုင်ရထားပြီး မန်စီးတီးအသင်းကိုသာ ရှုံးနိမ့်ထားသည်။ 

Most Read

Most Recent