နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား ပြစ်ဒဏ်ချမှတ်ခြင်းအပေါ် လက်ခံနိုင်ဖွယ်မရှိကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ၏ ဦးဆောင်မှု အလုပ်အဖွဲ့ခေါင်းဆောင်၊ မွန်ပြည်သစ်ပါတီဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းက ပြောကြားသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) မှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ အစည်းအဝေးကို ဒီဇင်ဘာ ၆ ရက်နှင့် ၇ ရက်တွင် Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေး နိဂုံးချုပ်မိန့်ခွန်းပြောကြားရာတွင် PPST ဦးဆောင်မှုအလုပ် အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ထိုသို့ပြောကြားခြင်းဖြစ်သည်။
“နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်ချမှတ်ခြင်းနှင့်ပတ်သက်၍လည်း လက်ခံနိုင်ဖွယ်မရှိပါ” ဟု PPST ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောကြားသည်။
ထိုကဲ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဆောင်ရွက်ချက်များကြောင့် နိုင်ငံရေးပြဿနာများကို အဖြေရှာနိုင်ရေးအတွက် ပိုမိုအလှမ်းဝေးစေသည်ဟု ယူဆကြောင်း PPST ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောကြားသည်။
နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာတွင် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကသာ အသင့်လျော်ဆုံးအဖြစ် PPST က ယုံကြည်ပြီးသက်ဆိုင်ရာ နိုင်ငံရေးအစုအဖွဲ့များ၊ နိုင်ငံတကာတို့နှင့် ဆွေးနွေးပြီးနည်းလမ်းရှာ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း PPST ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောကြားသည်။
ထို့ပြင် ယခုနှစ်မကုန်မီ ဒီဇင်ဘာတတိယပတ်တွင် NCA-S EAO များ၏ စတုတ္ထအကြိမ် ညီလာခံ (ဒုတိယပိုင်း) အား ကျင်းပခြင်းကို ပြီးခဲ့သည့် PPST အစည်းအဝေးတွင် သတ်မှတ်လျာထားခဲ့သော်လည်း ကြိုတင်ပြင်ဆင်ရန် အချိန်လိုအပ်ခြင်းကြောင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီတွင် ကျင်းပရန် ရွှေ့ဆိုင်းလိုက်ကြောင်းလည်း PPST ဦးဆောင်မှု အလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောကြားသည်။
အရပ်သားများအား အကာအကွယ်ပေးမှုကိုရှေးရှု၍ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြိုခွဲမှုအပေါ်ကန့်ကွက်ရှုတ်ချကြောင်းလည်း PPST ဦးဆောင်မှုအလုပ်အဖွဲ့ ခေါင်းဆောင် နိုင်အောင်မင်းက ပြောကြားသည်။
နှစ်ရက်တာ ပြုလုပ်ခဲ့သည့် PPST အစည်းအဝေးတွင် နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့သော နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးအပါအဝင် အခြားကဏ္ဍများ၏ အတက်အကျဖြစ်ထွန်းမှုများကို ဆွေးနွေးသုံးသပ်နိုင်ခဲ့ကြောင်း၊ ယခုအစည်းအဝေးတွင် PPST ၏ နိုင်ငံရေးရည်မှန်းချက် ခုနစ်ရပ်ကိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းစဉ်များကို သုံးသပ်ဆွေးနွေးပြီး PPST အနေဖြင့် လုပ်ဆောင်သင့်သော ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့ကြောင်း PPST ဦးဆောင်မှုအလုပ်အဖွဲ့ ခေါင်းဆောင် နိုင်အောင်မင်းက ပြောကြားသည်။















