တံတားဦးမြို့နယ်တွင် ပဲမြစ်စတင်ထွက်ရှိချိန် အထွက်နည်းသည့်အတွက် စိုက်စရိတ်ရှုံးနေ

တံတားဦးမြို့နယ်တွင် ပဲမြစ်စတင်ထွက်ရှိချိန် အထွက်နည်းသည့်အတွက် စိုက်စရိတ်ရှုံးနေ
Published 6 December 2021
မင်းလတ်

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်ထွက် ရာသီစာ ပဲမြစ်များသည် ယခုနှစ်စိုက်ပျိုးရေးရာသီချိန်တွင် မိုးရွာသွန်းမှုများသော်လည်း ရေမပါသောကြောင့် ရေသွင်းစိုက်ပျိုးခဲ့ရရာ ယခုရက်ပိုင်းစတင်ထွက်ရှိချိန်တွင် ပဲမြစ်အထွက်နည်းသည့်အတွက် စိုက်စရိတ်ရှုံးနေကြောင်း တံတားဦးမြို့နယ်မှ ပဲမြစ် စိုက်ပျိုးသူများထံမှ သိရသည်။

တံတားဦးမြို့နယ်တွင် မကျီးတော၊ စကားအင်း၊ သူငယ်တော်၊ ပန်းယျကျေးရွာများ၌ ရာသီစာ ပဲမြစ်စိုက်ပျိုးသည့် တောင်သူအများအပြားရှိပြီး အဆိုပါကျေးရွာများ၌ ကုန်းမြင့် တောစိုက်ခင်းများနှင့် ဒုဋ္ဌဝတီမြစ်ကမ်းဘေး ရေဝင်နေရာများတွင် မကျီးတောပဲမြစ်မျိုးများကို ဇူလိုင်လမှစတင်၍ ရာသီစာ စားသုံးသီးနှံပင်အဖြစ်စိုက်ပျိုးကြရာ စိုက်ပျိုးသည့် ပဲမြစ်များမှာ နိုဝင်ဘာလ၌ စတင်ပေါ်၍  ဒီဇင်ဘာလတွင် လှိုင်လှိုင်ပေါ်ကြောင်း၊ ယခုနှစ်တွင် ပဲမြစ်အထွက်နည်းသည့်အပြင် ကိုဗစ်ရောဂါ အခြေအနေ ပြည်တွင်းသွားလာမှု အခြေအနေများကြောင့် အရောင်းအဝယ်မကောင်းကြောင်း စကားအင်းရွာမှ ပဲမြစ်ကုန်သည် ကိုရန်နိုင်က ပြောကြားသည်။

“အခုနှစ်က ပဲမြစ်က မိုးကောင်းတော့ ပဲအထွက်နှုန်းနည်းတယ်။ စျေးနှုန်းက ၈၀၀၊ ၉၀၀၊ ၁၀၀၀ ရှိပါတယ်။ အထွက်နည်းတော့ တောင်သူတွေ ဒီနှစ်မကိုက်ဘူး။ ရေမရတော့ ရေတင်ပြီးလုပ်ရတော့ ဆီစျေးကြီးတော့ မကိုက်ဘူးပေါ့။ အရောင်းအဝယ်လည်း သိပ်မကောင်း၊ လက်ရှိ ကိုဗစ်နဲ့ ပြည်တွင်းအခြေအနေရော အားလုံးကြောင့်ပေါ့။ အရောင်းအဝယ်မကောင်းဘူး။ ကုန်စည်အနေနဲ့က တစ်ပြည်လုံး နယ်အစုံတော့ ပို့ရတယ်။ အခုပဲမြစ် ထွက်နေတာ တံတားဦး စကားအင်း ကျောက်ဆည်နယ်ဘက်ကနေ ပဲမြစ်ဝင်ရောက်တယ်။ အခု တစ်ရက်တစ်ရက် ကုန်ချိန် ၆၀၀၀ လောက် ဝင်တယ်။ ပဲမြစ်အထွက်နည်းပေမဲ့ ပဲမြစ်စျေးတော့ စျေးကောင်းရပါတယ်။ တောင်သူတွေအနေနဲ့က အရင်က ကုန်ချိန် ၁၀၀ ထွက်ရင် အခု ၅၀ လောက်ထွက်တော့တာ။ ခါတိုင်း ပဲ ၂၀၀၀ ထွက်ရင် အခု  ၁၀၀၀ ထွက်တော့တာပါ” ဟု ကိုရန်နိုင်က ပြောကြားသည်။

တံတားဦးမြို့နယ်အတွင်းရှိ ပဲမြစ်စိုက် တောင်သူများသည် နှစ်စဉ်ဝါဆိုလမှ စတင်၍ ပဲမြစ်များကို စိုက်ပျိုးပြီး တန်ဆောင်မုန်း၊ နတ်တော်လများတွင် ပဲမြစ်များပေါ်ကာ စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိရာမှ ယခုနှစ်တွင် ရာသီဥတုကြောင့် ပဲမြစ်အထွက် နှုန်းလျော့ကျခဲ့ပြီး ဆုံးရှုံးမှုများရှိခဲ့သည်ဟု ပဲမြစ်စိုက်တောင်သူများထံမှ သိရသည်။

တောင်သူ ဦးဆန်းငွေက “မနှစ်က တစ် တင်းစိုက် ၁၀၀၀ ကျော်ထွက်တယ်။ ဒီနှစ်က ၄၅၀ ကျော်လောက် ထွက်တော့တာပါ။ ကျွန်တော်တို့ အခင်းထဲ ရေတစ်ခါတင်ရင် ၁၉၀၀၀၀ လောက် ကုန်တယ်။ ရေက သုံးခါ တင်ရတယ်။ အထွက်နှုန်းနည်းတော့ နှစ်သိန်းလောက် ရှုံးတယ်။ ပဲမြစ်စျေးက ၁၀၀၀ လောက် စျေးရတယ်ပြောရပေမဲ့ အထွက်နည်းတဲ့အတွက် ရှုံးတာပါ။ စျေးက အကောင်းကြီးတော့ မဟုတ်ဘူး။ ဒီအချိန်မှာ မနှစ်က ၁၂၀၀ လောက် စျေးရတယ်။ အခုက ပဲမြစ်တူးနေရတာ။ ပဲမြစ်စျေး ၉၅၀၊ ၁၀၀၀ စျေးရှိတာ ၁၂၀၀ စျေးက မရှိသေးဘူး။ အခုလောလာဆယ် မနှစ်က စျေးမရောက်သေးဘူး။ တောင်သူတွေ အခက်အခဲက ရေလိုတဲ့အချိန် ရေပေးဝေဖို့ပါပဲ။ ကျွန်တော်တို့က ဆည်ရေသောက်စိုက်ပျိုးရတာ။ ရေမရတော့ ရေတင်ရတော့ ဆီဖိုးစျေးကြီး စရိတ်ရှုံးကုန်တယ်။ မိုးကောင်းပေမဲ့ မြေမနူးဘူး။ ရေရသင့်သလောက်မရဘူး။ မိုးက အကြိမ်ရေများပြီး ရေမပါတော့ ရေတင်ပြီး စိုက်ရတယ်။ အထွက်နှုန်းနည်းတယ်” ဟု ဆိုသည်။

ယခုနှစ်ပဲမြစ်ထွက်ရာသီချိန်တွင် ကုန်းတွင်းပိုင်းစိုက်ခင်းများနှင့် ရေဝင်မြစ်ကမ်းဘေးစိုက်ခင်းများမှ တစ်ဧက ပိဿာ ၉၀၀ မှ ၁၀၀၀ အထိသာထွက်ရှိကြောင်း၊ မကျီးတောပဲမြစ်မှာ အညာဒေသထွက် ပဲမြစ်များထဲတွင် စားရာ၌ နူးညံ့ခြင်း၊ ချိုဆိမ့်အရသာရှိခြင်း၊ အသားမပွဘဲ စေးကပ်ခြင်းတို့ကြောင့် ဒေသအလိုက်ထွက်ရှိသည့် ပဲမြစ်များထဲတွင် လူကြိုက်များသည့် ရာသီစာအညာသရေစာဖြစ်ပြီး ရာသီစာပဲမြစ်များကို မန္တလေး၊ နေပြည်တော်၊ မုံရွာ၊ ရွှေဘို၊ မြစ်ကြီးနား၊ တောင်ကြီး၊ မြင်းခြံစသောမြို့ကြီးများရှိ ကုန်သည်များထံ တင်ပို့ရောင်းချကြောင်းနှင့် နှစ်စဉ် ပဲမြစ် ပိဿာချိန် ငါးသိန်းကျော် အရောင်းအဝယ် ပြုလုပ်ရသော်လည်း ယခုနှစ်တွင် ပဲမြစ်အထွက်နည်း၍ တင်ပို့မှုနည်းမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent