ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်းနှင့် ပတ်သက်၍ သမ္မတနှင့် အတိုင်ပင်ခံတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံအမှုဖွင့်

ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်းနှင့် ပတ်သက်၍ သမ္မတနှင့် အတိုင်ပင်ခံတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံအမှုဖွင့်
Published 30 November 2021

ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်းများတွင် လုပ်ပိုင်ခွင့်အာဏာကို အသုံးပြု၍ ခွင့်ပြုပေးခဲ့သဖြင့် ဘဏ္ဍာငွေကြေးများ နစ်နာဆုံးရှုံးသည်ဟုဆိုကာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံအမှုဖွင့်ကြောင်း နိုဝင်ဘာ ၁၀ ရက် ညပိုင်း MRTV သတင်း ကြေညာချက်အရ သိရသည်။

ကြေညာချက်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေးနှင့် တာဝန်ရှိသူများအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေး အရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးချက်များအရ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အကြောင်းပြ၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ရဟတ်ယာဉ်တစ်စီး ငှားရမ်းခြင်း၊ သက်တမ်းတိုးခြင်းတို့ ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ ကို လိုက်နာမှု မရှိခြင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မှတ်ချက်၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့၏ အကြံပြုချက်များကို ထည့်သွင်းစဉ်းစား ဆောင်ရွက်မှုမရှိဘဲ ရဟတ်ယာဉ် ငှားရမ်းခြင်း သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ခြင်း၊ ဘဏ္ဍာရေးစည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်ခဲ့ခြင်း၊ ငှားရမ်းသည့်ကာလ၂၀၁၉ ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ စာချုပ်ပါ ပျံသန်းအသုံးပြုနိုင်သည့် နာရီ ၇၂၀ တွင် ၈၄ ဒသမ ၉၅ နာရီသာ ပျံသန်းအသုံးပြုခဲ့၍ လျော့နည်းပျံသန်းချိန် ၆၃၅ ဒသမ ၀၅ နာရီ အတွက် ယခင်ပျံသန်း အသုံးပြုမှုအခြေအနေများအရ လေလွင့်မှုရှိ၊ မရှိ မစိစစ်ဘဲ ငှားရမ်းခြင်း သက်တမ်းတိုး စာချုပ်များအား ခွင့်ပြု၍ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ သန်းကျော် ပိုမိုပေးချေခဲ့ရခြင်းကြောင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးကို ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့ကြောင်း ကြေညာချက်တွင် ပါရှိသည်။

ဆက်လက်ပြီး နိုင်ငံတော်ပိုင် ရဟတ်ယာဉ်တစ်စီး ဝယ်ယူအသုံးပြုရာ၌ လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနက ဘတ်ဂျက်တောင်းခံ တင်ပြဝယ်ယူခြင်းမရှိဘဲ သုံးစွဲခွင့်မရှိသည့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ သုံးစွဲထားခြင်းကြောင့် ဘဏ္ဍာရေးစည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်ခဲ့ခြင်း၊ ရဟတ်ယာဉ် ဝယ်ယူမှုအတွက် စီးပွားရေးရာကော်မတီနှင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြမှုမရှိဘဲ ဆောင်ရွက်ခဲ့ခြင်း၊ ရဟတ်ယာဉ် ဝယ်ယူသည့် စာချုပ်၏ General term တွင်  Warranty နှင့် Excusable Delays ဖော်ပြပါရှိသော်လည်း ပြင်ဆင်ရန် လိုအပ်မှုများနှင့် နောက်ကျ ရောက်ရှိမှုများအတွက် ဒဏ်ကြေးများ ထည့်သွင်းချုပ်ဆိုထားမှု မရှိခြင်း၊ ပြည်သူ့ဘဏ္ဍာ ဖြစ်သော အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေများအား ရည်ရွယ်ချက်အတိုင်း ထိရောက်အကျိုးရှိစွာ သုံးစွဲခဲ့ခြင်းမရှိဘဲ ရဟတ်ယာဉ်ဝယ်ယူရေးအတွက် မြန်မာငွေကျပ် သိန်းပေါင်း နှစ်သိန်းသုံးသောင်းကျော် ပေးချေခဲ့ရခြင်းတို့ကြောင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးကို ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့ကြောင်း ကြေညာချက်အရ သိရသည်။

ယင်းအပြင် ဝယ်ယူပြီးသော ရဟတ်ယာဉ်၏ Operation and Maintenance ကိစ္စ ဆောင်ရွက်ရာတွင် ကုမ္ပဏီတစ်ခုနှင့် လုပ်ငန်းအပ်နှံရေးစာချုပ်ပါ အချက်များအား စိစစ်ညွှန်ကြားရန် ပျက်ကွက်ခဲ့ခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် ဘေးသင့်သူများအတွက်သာ သုံးစွဲရမည့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ သုံးစွဲခဲ့သဖြင့် ဘဏ္ဍာရေးစည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်ခဲ့ခြင်း၊ ရဟတ်ယာဉ် နောက်ကျရောက်ရှိမည့် အခြေအနေကို ကြိုတင်သိရှိခဲ့ပြီး ဖြစ်သော်လည်း ထိန်းသိမ်းမည့်ကုမ္ပဏီနှင့် လိုအပ်သလိုညှိနှိုင်း၍ စာချုပ်ပြင်ဆင် ချုပ်ဆိုခဲ့မှု မရှိခြင်း၊ စာချုပ်အရ ကြိုတင်ပြင်ဆင်မှုကာလ ဝန်ဆောင်ခ အမေရိကန် ဒေါ်လာ၂၇၀,၀၀၀ ကိုသာ ပေးချေသင့်သော်လည်း ငါးလအတွက် ဝန်ဆောင်ခ အမေရိကန်ဒေါ်လာ ၄၉၂,၆၆၇ ကို ရဟတ်ယာဉ် မရောက်သေးဘဲ ကြိုတင် ပေးချေထားခြင်းတို့ကြောင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးကို ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့ကြောင်း ကြေညာချက်တွင် ပါရှိသည်။

ယင်းကဲ့သို့ နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးကို ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့ခြင်းအတွက် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူ ပြည်ထောင်စုဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေးအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်းမြို့မရဲစခန်းတွင် ၂၀၂၁ ခုနှစ် သြဂုတ်၂၇ ရက် တိုင်ကြားချက် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး ထပ်မံစစ်ဆေး ပေါ်ပေါက်ချက်များအရ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည်လည်း နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စရပ်များတွင် ၎င်းတို့၏ လုပ်ပိုင်ခွင့် အခွင့်အာဏာကို အသုံးပြု၍ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်း မပြုဘဲ ရုံးတွင်းစာ အဆင့်ဆင့်ဖြင့် ဆက်လက် ဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့သဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေး၊ ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ဆုံးရှုံးခဲ့ကြောင်း ကြေညာချက်အရ သိရသည်။

ထိုသို့ နိုင်ငံတော်၏ ဘဏ္ဍာငွေကြေး၊ ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့သည့်အတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်းမြို့မရဲစခန်းတွင် နိုဝင်ဘာ ၃၀ ရက်စွဲဖြင့် အမှုဖွင့်ကာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်ဟု နိုဝင်ဘာ ၃၀ ရက် ည ၈ နာရီ MRTV သတင်း ကြေညာချက်အရ သိရသည်။

Most Read

Most Recent