လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က မန်ယူအသင်းသို့ ရန်းနစ်ရောက်ရှိလာမည့်သတင်းမှာ အခြားပြိုင်ဘက်များအတွက် သတင်းကောင်းမဟုတ်ကြောင်း သုံးသပ်ပြောကြားသည်။
မန်ယူအသင်းသည် ဆိုးလ်ရှားကို ထုတ်ပယ်ပြီးနောက် လစ်လပ်နေသည့် နည်းပြရာထူးအတွက် ၀ါရင့်ဂျာမန်နည်းပြဖြစ်သူ ရန်းနစ် (၆၃ နှစ်) ကို ရာသီကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်ရန် သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း ဗြိတိန်သတင်း ဌာနများစွာက ဖော်ပြလျက်ရှိသည်။
လက်ရှိအချိန်တွင် ရုရှားကလပ် လိုကိုမိုးတစ်မော်စကိုအသင်း၏ အားကစားနှင့် ဖွံ့ဖြိုးတိုးတက်ရေးအရာရှိချုပ်အဖြစ် ဆောင်ရွက်နေသည့် ရန်းနစ်သည် စတုဂတ်၊ ဟန်နိုဗာ၊ ရှော်လ် ကေး၊ ဟော်ဖန်ဟင်မ်၊ လိုက်ပ်ဇစ် စသည့် ဂျာမန်ကလပ်များစွာကို ကိုင် တွယ်ဖူးသူဖြစ်ပြီး ယာဂန်ကလော့ပ်နှင့် ချယ်လ်ဆီးအသင်းနည်းပြ တူဟယ်လ်တို့၏ ပြိုင်ဘက်ကို ဖိအားပေးသည့်ကစားဟန်မှာ ၎င်း၏လွှမ်းမိုးမှုများပါဝင်ကြောင်း ရည်ညွှန်းခံထားရသူဖြစ်သည်။
ယင်းသတင်းများနှင့်ပတ်သက်၍ ယာဂန်ကလော့ပ်က ''ကံမကောင်းစွာနဲ့ပဲ အင်္ဂလန်ကို နည်းပြကောင်းတစ်ဦး ရောက်လာတော့မှာပါ။ အဲဒါကလည်း မန်ချက်စတာယူနိုက်တက် ဖြစ်နေတယ်။ ရဲ့ဖ်က အတွေ့အကြုံရင့်တဲ့ မန်နေဂျာတစ်ယောက်ဆိုတာ သေချာပါတယ်။ သူက ဂျာမနီမှာ ခြိမ်းခြောက်မှုနဲ့ ဖိအားပေးကစားရာမှာ အကောင်းဆုံးနှစ်သင်းဖြစ်တဲ့ ဟော်ဖန်ဟင်မ်နဲ့ လိုက်ပ်ဇစ်တို့ကို တည်ဆောက်ပေးခဲ့သူပါ။ ယူနိုက်တက်က ကွင်းအတွင်းမှာ စုစည်းမှုရှိလာမယ်ဆိုတာ ကျွန်တော်တို့ နား လည်ထားရပါမယ်။ ဒါက တခြားအသင်းတွေအတွက်တော့ သတင်းကောင်းမဟုတ်ဘူးဆိုတာ သေချာပါတယ်''ဟု သုံးသပ်ပြောကြားသည်။
BBC နှင့် The Guardian အပါအဝင် ဗြိတိန်သတင်းဌာနများ၏ ဖော်ပြမှုအရ မန်ယူအသင်းသည် ရန်းနစ်ကိုခန့်အပ်ရန်အတွက် လိုကိုမိုးတစ်မော်စကိုအသင်းနှင့် မူအားဖြင့် သဘောတူညီမှုရထားပြီဖြစ်ပြီး အသေးစိိတ်အချက်များ ညှိနှိုင်းရန် နှင့် အလုပ်လုပ်ခွင့်ပါမစ်လျှောက်ထားရန်သာ ကျန်ရှိတော့ကြောင်း သိရသည်။
ရန်းနစ်၏ ဥပဒေပိုင်းဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ကလည်း ရုရှားကလပ် လိုကိုမိုးတစ်မော်စကို အသင်းအားကစားနှင့် ဖွံ့ဖြိုးတိုး တက်ရေးအရာရှိချုပ်ဖြစ်သူ အိုးလ်ထရက်ဖို့ဒ်သို့ ပြောင်းရွှေ့ရန် နောက်ဆုံးအချက်အလက်များ အပြီးသတ်နေပြီဖြစ်ကြောင်း ဂျာမနီအခြေစိုက် SID သတင်းဌာနသို့ အတည်ပြုပြောကြားထားသည်။
ရန်းနစ်သည် မန်ယူအသင်းနှင့် ရာသီကုန်အထိ ယာယီနည်းပြအဖြစ် ကာလတို စာချုပ်ချုပ်ဆိုမည်ဖြစ်ပြီး ရာသီကုန်တွင် အကြံပေးရာထူးဖြင့် နှစ်နှစ်စာချုပ် ပြောင်းလဲချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။
မန်ယူအသင်းအား ယာယီကိုင်တွယ်နေသည့် မိုက်ကယ်ကာရစ်ကလည်း ရန်းနစ်ရောက်ရှိလာမည့်သတင်းများကို ကြားမိသော်လည်း လာမည့်ပွဲအတွက်သာ ပြင်ဆင်နေကြောင်းနှင့် ကစားသမားများအနေဖြင့် မည်သူရောက်ရှိလာသည်ဖြစ်စေ လိုက် လျောညီထွေကစားနိုင်ကြောင်း သောကြာနေ့က ပြောကြားသည်။
''ထင်ကြေးနဲ့ သတင်းတွေကတော့ ထွက်နေတာပါပဲ။ အခု ကျွန်တော် ဒီမှာထိုင်နေတာ လာမယ့်ပွဲ (ချယ်လ်ဆီးနှင့်) အတွက် ပြင်ဆင်နေတာပါ။ ဒီအကြောင်းကို ခင်ဗျားတို့ရှေ့မှာ မျှဝေစရာ သတင်းအသစ် မရှိပါဘူး။ အသင်းမှာရှိတဲ့ ကစားသမားတွေက ဘယ်သူပဲရောက်လာရောက်လာ လိုက်လျောညီထွေဖြစ်အောင် ကစားနိုင်ပါတယ်။ အဖွဲ့ထဲမှာ တကယ်ကောင်းမွန်ပြီး လူသားဆန်တဲ့သူတွေ ရှိပါတယ်။ သူတို့အနေနဲ့ ရှေ့ဆက်ရမယ့်အရာတွေကို မျှော်လင့်နေမယ်ဆိုတာ ကျွန်တော် အာမခံနိုင်ပါတယ်။ အိုလေနဲ့အတူရှိခဲ့ရတဲ့အချိန်တွေက အကြီးကျယ်ဆုံးအခိုက်အတန့်တွေပါပဲ''ဟု ကာရစ်က ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။