နယ်စပ်ဒေသကုန်သွယ်ရေးကို ဆောလျင်စွာ ပြန်လည်ဖော်ဆောင်ပြီး နှစ်နိုင်ငံစီးပွားရေး တိုးတက်ကောင်းမွန်လာစေရန် ဖော်ဆောင်မည်ဟု တရုတ်နိုင်ငံ ပြောကြား

နယ်စပ်ဒေသကုန်သွယ်ရေးကို ဆောလျင်စွာ ပြန်လည်ဖော်ဆောင်ပြီး နှစ်နိုင်ငံစီးပွားရေး တိုးတက်ကောင်းမွန်လာစေရန် ဖော်ဆောင်မည်ဟု တရုတ်နိုင်ငံ ပြောကြား
တရုတ်နိုင်ငံ လာရင်းမြို့တွင် ပိတ်မိနေသော မြန်မာနိုင်ငံမှ ကုန်တင်ကားများကို တွေ့ရစဉ်
တရုတ်နိုင်ငံ လာရင်းမြို့တွင် ပိတ်မိနေသော မြန်မာနိုင်ငံမှ ကုန်တင်ကားများကို တွေ့ရစဉ်
Published 25 November 2021

တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးကို ဆောလျင်စွာ ပြန်လည်ဖော်ဆောင်ပြီး နှစ်နိုင်ငံစီးပွားရေး တိုးတက်မှု ကောင်းမွန်လာစေရေး ဖော်ဆောင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Ms. Li Xiao-yan က ပြောကြားသည်။

နိုဝင်ဘာ၂၃ ရက်က ပြုလုပ်သည့် တရုတ်နိုင်ငံ ယူနန် - မြန်မာနိုင်ငံ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်း အွန်လိုင်းဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါဆွေးနွေးပွဲတွင် တရုတ်ဘက်က ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားလာကတည်းက တရုတ်-မြန်မာ နှစ်နိုင်ငံအနေဖြင့် အပြန်အလှန်ဖေးမကူညီပြီး ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာအသစ် ထူထောင်ခဲ့ကာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသံယောဇဉ် စာမျက်နှာသစ်ရေးသားခဲ့ ကြောင်း၊ ယနေ့တိုင် တရုတ်ဘက်က မြန်မာဘက်သို့ ကိုဗစ် Vaccine ထောက်ပံ့ပေးမှုသည် မြန်မာနိုင်ငံက လက်ခံရရှိသော Vaccine စုစုပေါင်း အရေအတွက်၏ ၉၆ ရာခိုင်နှုန်းကျော်ရှိပြီး မြန်မာနိုင်ငံကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကူညီပေးခဲ့ကြောင်း၊ သမ္မတ Mr. Xi Jinping က တရုတ်-အာဆီယံ ဆွေး နွေးဖက်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၃၀ ပြည့်အထိမ်းအမှတ် ထိပ်သီးအစည်းဝေးတွင် ပြောကြားသည့် ကတိပြုမှုကို တရုတ်ဘက်က တက်တက်ကြွကြွ ဖော်ဆောင်ပြီး မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများသို့ ကပ်ရောဂါတိုက်ဖျက်ရေးကူညီမှုများ ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံမှူးကြီးက ပြောကြားသည်။ 

ဆက်လက်၍ ၎င်းက ယူနန်ပြည်နယ်အနေဖြင့် မြန်မာနိုင်ငံနှင့် ကပ်ရောဂါတိုက်ဖျက် ရေးပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်မြှင့်တင်သွားပြီး တရုတ်-မြန်မာ ပြည်သူ့ကျန်းမာရေးနှင့် အကျိုးစီးပွားများကို အတူတကွ ထိန်းသိမ်းစောင့်ရှောက်သွားမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာနယ်စပ်ဒေသ ပြည်သူနှင့် ကုန်ပစ္စည်းများ သွားလာမှု ဆောလျင်စွာ ပြန်လည်ဖော်ဆောင်ရန် ကူညီပေးပြီး နှစ်နိုင်ငံစီးပွားရေး တိုးတက်မှုနှင့် ပြည်သူ့ဘဝကောင်းမွန်လာစေရေးကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာနှစ်ဦးနှစ်ဖက် အတူကြိုးပမ်းမှုဖြင့် တရုတ်-မြန်မာ ဝမ်တိန်နယ်စပ်ဂိတ် မန်မံလမ်းကြောင်းတွင် ယမန်နေ့မှစ၍ ကားများ ပြန်လည်ဖြတ်သန်းနေပြီဖြစ်ပြီး မကြာမီကာလတွင် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးကို စနစ်တကျ ပြန်လည်ဖော်ဆောင်နိုင်မည်ဟု မျှော်လင့်ရကြောင်း ပြောကြားခဲ့သည်။

ယူနန်ပြည်နယ်အနေဖြင့် မြန်မာနိုင်ငံနှင့် ချိတ်ဆက်မှုကို မြှင့်တင်ပြီး နယ်စပ်ကပ်ရောဂါ ပူးတွဲကာကွယ်ထိန်းချုပ်ယန္တရား အခန်းကဏ္ဍကို အပြည့်အဝအသုံးချကာ ၁၀၅ မိုင် ကိုဗစ်ကုသရေးစင်တာကို ကောင်းမွန်စွာအသုံးပြု၍ ကပ်ရောဂါအချက်အလက် အတူမျှဝေခြင်းနှင့် နယ်စပ်စီမံထိန်းချုပ်မှုကို မြှင့်တင်ပြီး နယ်စပ်ကုန်သွယ်ရေး ဆောလျင်စွာ ပြန်လည်ဖော်ဆောင်ရေးအတွက် အပြုသဘောဆောင်သည့်အခြေအနေ ဖန်တီးပေးသွားမည်ဖြစ်ကြောင်း တရုတ်သံရုံးမှ သံမှူးကြီး Ms. Li Xiao-yan က ဆိုသည်။

အဆိုပါဆွေးနွေးပွဲကို ယူနန်ပြည်နယ် အစိုးရနိုင်ငံခြားရေးရုံးမှ ကြီးမှူးကျင်းပပြီး နှစ်နိုင်ငံကျန်းမာရေး၊ စီးပွားရေး၊ လူဝင်မှုကြီးကြပ်ရေး စသည့် သက်ဆိုင်ရာဌာနနှင့် ဒေသန္တရ အစိုးရကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Most Read

Most Recent