သမ္မတ ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားသည့် အမှုများနှင့် ပတ်သက်၍ ဒီဇင်ဘာ ၆ ရက်တွင် ချိန်းဆိုထားသော ရုံးချိန်း၌ အပြီးသတ်အမိန့်ချမည်ဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
နိုဝင်ဘာ ၂၂ ရက်က နေပြည်တော် ကောင်စီဝန်းအတွင်းရှိ သီးသန့်တရားရုံးတွင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် သမ္မတနှင့် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ (၈)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ(၆၇)၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ တို့ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၀ ရက်က နေပြည်တော်ကောင်စီနယ်မြေအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ခရိုင် ပါတီဥက္ကဋ္ဌ ဦးမင်းသူ ဦးဆောင်၍ Car Campaign ပြုလုပ်ခဲ့ရာ စုစုပေါင်း မော်တော်ယာဉ် အစီး၂၂၀၊ ဆိုင်ကယ် ၃၂ စီး၊ လူဦးရေ ၇၆၀ ခန့်ပါဝင်ပြီး နေပြည်တော်ရှိ မြို့နယ်များသို့ ဖြတ်သန်းလှည့်လည်ရာတွင် ဇမ္ဗူသီရိမြို့နယ်ရှိ အတိုင်ပင်ခံပုဂ္ဂိုလ်အိမ်ရာအနီးတွင် COVID-19 ရောဂါ ဖြစ်ပွားမှုအပေါ်မူတည်၍ ထုတ်ပြန်ထားသော အမိန့်များအား လိုက်နာခြင်းမရှိဘဲ ကြိုဆိုနှုတ်ဆက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါအမှုနှင့်ပတ်သက်၍ နိုဝင်ဘာ ၂၂ ရက် ရုံးချိန်းတွင် နှစ်ဖက်ရှေ့နေများက အပြီးသတ် ရေးသားလျှောက်လဲချက်တင်ခဲ့ရပြီး ယင်းအမှုများအား ဒီဇင်ဘာ ၆ ရက်တွင် ချိန်းဆိုထားသော ရုံးချိန်း၌ အပြီးသတ်အမိန့် ချမှတ်မည်ဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
နေပြည်တော်ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓီရပ်ကွက်၊ မြနန်းဘုံသာလမ်း၊ အမှတ် (A) ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အား ရှာဖွေရာတွင် အနီးကပ်လုံခြုံရေးအဖွဲ့ထံမှ Icom စကားပြောစက် ခြောက်လုံး၊ ဂိတ်ကင်းမှ Icom စကားပြောစက် သုံးလုံး၊ ကိုယ်ရေးအရာရှိအဆောင်မှ Icom စကားပြောစက် တစ်လုံးနှင့် Jumber တစ်စုံတို့အား တွေ့ရှိရသဖြင့် ယင်းဆက်သွယ်ရေးပစ္စည်များအား ခွင့်ပြုချက်မရှိဘဲ တင်သွင်းအသုံးပြုခဲ့သဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ်အား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ တို့ဖြင့် တရားစွဲ ဆိုထားသည့် အမှုများနှင့်ပတ်သက်၍လည်း နိုဝင်ဘာ ၂၂ ရက် ရုံးချိန်းတွင် အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် သက်သေအဖြစ် အစစ်ခံခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
ဒီဇင်ဘာ ၆ ရက်တွင် ချိန်းဆိုထားသော ရုံးချိန်း၌ အတိုင်ပင်ခံပုဂ္ဂိုလ်အား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ တို့ဖြင့် တရားစွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍ အပြီးသတ်လျှောက်လဲချက် ပေးရမည်ဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
ထို့ပြင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)ဖြင့် သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌဟောင်း ဒေါက်တာ မျိုးအောင်တို့အား တရားစွဲဆိုထားသည့်အမှုနှင့်ပတ်သက်၍ နိုဝင်ဘာ ၃၀ ရက်တွင် ချိန်းဆိုထားသည့် ရုံးချိန်း၌ အပြီးသတ်အမိန့်ချမှတ်မည် ဖြစ်ကြောင်းလည်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။















