G7- အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ရန် မြန်မာနိုင်ငံအား ဖိတ်ကြားမည်မဟုတ်ကြောင်း ဗြိတိန် ပြောကြား

G7- အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ရန် မြန်မာနိုင်ငံအား ဖိတ်ကြားမည်မဟုတ်ကြောင်း ဗြိတိန် ပြောကြား
Published 22 November 2021
Ref: Reuters

စက်မှုထိပ်သီးခုနစ်နိုင်ငံ(ွရ) နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တို့မှနိုင်ငံခြားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဝန်ကြီးများ၏ ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဟု ဗြိတိန်နိုင်ငံက နိုဝင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ထိပ်သီးအစည်းအဝေးကို လီဗာပူးမြို့တွင် ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ ကျင်းပသွားမည်ဟု သိရသည်။

ယင်းအစည်းအဝေးနှင့်ပတ်သက်၍ နိုဝင်ဘာ ၂၂ ရက်က ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကြေညာချက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဖော်ပြခဲ့ခြင်း မရှိသော်လည်း နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဝန်ကြီး အာမန်ဒါ မီလင်ကမူ မြန်မာ့တပ်မတော်ခေါင်းဆောင်ပိုင်းကို အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားမည် မဟုတ်ဟု စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

“ မြန်မာတပ်မတော်အစိုးရကို လူကိုယ်တိုင် အစည်းအဝေးတက်ရောက်ဖို့ ဖိတ်ခေါ်မှာ မဟုတ်ကြောင်း ဗြိတိန်အစိုးရက ရှင်းရှင်းလင်းလင်း ပြောကြားလိုပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် အောက်တိုဘာလထဲတွင် ပြုလုပ်ခဲ့သည့် အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် မြန်မာ့တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဖိတ်ကြားခြင်း မပြုခဲ့သည့် အာဆီယံ၏ ဆုံးဖြတ်ချက်ကိုလည်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှာတပ်မတော်ရဲ့အာဏာ လွှဲပြောင်းယူမှုနှင့် ပြည်သူတွေအပေါ် အကြမ်းဖက်မှု၊ အရပ်သား အစိုးရတာဝန်ရှိသူတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေကို ဖမ်းဆီးထိန်းသိမ်းထားမှုကို ဗြိတိန်အစိုးရက ရှုတ်ချပါတယ်။ ဗြိတိန်အနေနဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို အဆုံးသတ်နိုင်ဖို့အတွက် အာဆီယံနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်သွားမှာဖြစ်တယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်ဟု သိရသည်။

G7 - အာဆီယံ ထိပ်သီးအစည်းအဝေးတွင် COVID-19 ကပ်ရောဂါကာလအလွန် စီးပွားရေးနာလန်ပြန်ထူရေး၊ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးနှင့် လူ့အခွင့်အရေး အစရှိသည့် ကိစ္စရပ်များကို ဆွေးနွေးအဖြေရှာမည်ဟု ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ မလေးရှား၊ ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှဝန်ကြီးများလည်း တက်ရောက်ရန်ရှိနေပြီး ယင်းသည် G7 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး တစ်ခုတွင် အာဆီယံနိုင်ငံများ ပထမဆုံးအကြိမ် ပါဝင်လာမှုဖြစ်ကာ ဗြိတိန်၏ အင်ဒို-ပစိဖိတ် ဒေသဘက်သို့ပိုယိမ်းလာမှုကို ထင်ဟပ်စေသည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။       

Most Read

Most Recent