ဓာတ်ပုံ- မြရည်နန္ဒာ လူမှုကယ်ဆယ်ရေးအဖွဲ့
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်တွင် နိုဝင်ဘာ ၂၀ ရက်က အကွက်မှူးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။
ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်မှ (ဗ-၄)အကွက်မှူးဖြစ်သူ အသက် ၆၀ ခန့်ရှိ အမျိုးသားအား နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းက ၅၇ လမ်းနှင့် ၁၁၃(A)လမ်းအနီး၌ ဦးခေါင်းအား သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။
"နံနက် ၇ နာရီခွဲ အချိန်မှာ ကန်သာယာရပ်ကွက် ဗ-၄ အကွက်မှူး သေနတ်ပစ်ခံရတာကြောင့် ဖုန်းအကူညီတောင်းခံခဲ့ပါတယ်။ အခင်းဖြစ်ပွားရာနေရာကို သွားရောက်ကူညီပေးခဲ့ရာမှာ လူနာသေဆုံးနေပြီဖြစ်တာကြောင့် မန္တလေးဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ပြီးနောက် အအေးတိုက်မှတစ်ဆင့် နေအိမ်ဖြစ်တဲ့ ဗ၄သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်"ဟု မြရည်နန္ဒာ လူမှုကယ်ဆယ်ရေးအဖွဲ့မှ ၎င်းတို့၏ လူမွန်ကွန်ယက်စာမျက်နှာ၌ ထုတ်ပြန်ထားသည်။
အဆိုပါ ကန်သာယာရပ်ကွက်မှ အကွက်မှူး သေနတ်ပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး မည်သည့်အဖွဲ့မှ ပစ်ခတ်ခဲ့ခြင်းကို သိရှိရခြင်းမရှိသေးပေ။
မန္တလေးမြို့တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအပါအဝင် အစိုးရဝန်ထမ်းအချို့နှင့် သတင်းပေးဒလန်ဟုဆိုကာ မကြာခဏ သေနတ်ပစ်ခတ်ခံရခြင်းများဖြစ်ပေါ်လျက်ရှိပြီး အစိုးရရုံးဌာနများလည်း လက်လုပ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုဖြစ်စဉ်များနှင့်အတူ ထိခိုက်ဒဏ်ရာရရှိမှုများလည်း မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း စုံစမ်းသိရသည်။















