အနုပညာလောကတွင် နှစ်ပေါင်းသုံးဆယ်ကျော် ဖြတ်သန်းလာသည့် အက်ရှင်သရုပ်ဆောင် အောင်ပိုင်၏ ရုပ်အလောင်းအား နိုဝင်ဘာ ၂၀ ရက်က မြောက်ဥက္ကလာပမြို့နယ် ရေဝေးတွင် မီးသဂြိုလ်ခဲ့သည်။
နိုဝင်ဘာ ၂၀ ရက် ၊ မွန်းလွဲ ၂ နာရီခန့်တွင် ရေဝေးတွင် မီးသဂြိုလ်ခဲ့ခြင်းဖြစ်ပြီး မီးသဂြိုလ်သည့်နာရေးသို့ ၎င်း၏ မိသားစုဝင်များ ၊ ဆွေမျိုးများ ၊ အနုပညာလက်တွဲဖော်များ နှင့် ၎င်းအားချစ်ခင်သူများက လိုက်လံပို့ဆောင်ပေးခဲ့သည်။
ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ဦးအောင်ပိုင်မှာ အသက် ၅၃ နှစ်အရွယ်တွင် အသည်းရောဂါဖြင့် နိုဝင်ဘာ ၁၈ ရက် ၊ နံနက် ၂ နာရီခန့်က တာမွေမြို့နယ် ၊ မေတ္တာညွန့်ရပ်ကွက်ရှိ ၎င်း၏ နေအိမ်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့ခြင်းဖြစ်သည်။
“သူက ညီအစ်ကိုအရင်းလိုနေခဲ့တာပါ။အောင်ခိုင် အောင်ပိုင်ဆိုပြီး ဗီဒီယိုကားတွေလည်းရိုက်ခဲ့တယ်။ကိုဗစ်ဖြစ်တာနဲ့ အောင်ပိုင်နဲ့မတွေ့ရတာ တစ်နှစ်ကျော်သွားပြီ။ဘာအလုပ်မှလည်း မရှိတော့ ဘယ်မှလည်း မသွားရတော့ မဆုံဖြစ်ကြဘူး။ဦးတို့ ကိုလူချောအဖွဲ့က တစ်ယောက်က ဖုန်းဆက်ပြီး ကိုအောင်ပိုင်ဆုံးသွားပြီဆိုမှ သိရတာ။အနုပညာလောက ဖိုက်တင်လောကမှာ တစ်ကယ်ကို ကြိုးစားပြီး စိတ်အားထက်သန်စွာနဲ့ ကစားတယ်။ဆုံးတာစောသေးပါတယ်။အနုပညာလောကမှာ ဆုံးရှုံးမှုတစ်ခုပါဘဲ” ဟု ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ဦးအောင်ခိုင်က ပြောကြားသည်။
၎င်းမှာ အနုပညာလောကတွင် အက်ရှင်ဇာတ်လမ်းအများအပြားအား ရိုက်ကူးခဲ့ကာ ပရိတ်သတ်အားပေးမှုရရှိခဲ့သူတစ်ဦးဖြစ်ကာ အသက်နှစ်ဆယ်ဝန်းကျင်ခန့်မှ စတင်ကာ အက်ရှင်သရုပ်ဆောင်အဖြစ်လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။















