ခင်ဦးမြို့နယ်တွင် သတင်းပေးဒလန်နှင့်ပျူစောထီးအဖွဲ့၌ ပါဝင်သည်ဟုဆိုကာ ကျေးရွာသုံးရွာမှ ဒေသခံ ငါးဦး ထပ်မံသတ်ဖြတ်ခံရ

ခင်ဦးမြို့နယ်တွင် သတင်းပေးဒလန်နှင့်ပျူစောထီးအဖွဲ့၌ ပါဝင်သည်ဟုဆိုကာ ကျေးရွာသုံးရွာမှ ဒေသခံ ငါးဦး ထပ်မံသတ်ဖြတ်ခံရ
Published 20 November 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် သတင်းပေးဒလန်နှင့် ပျူစောထီးအဖွဲ့၌ ပါဝင်သည်ဟု စွပ်စွဲချက်ဖြင့် ကျေးရွာသုံးရွာမှ ဒေသခံငါးဦး ထပ်မံသတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ခင်ဦးမြို့နယ် စိုင်ဂေါင်းကျေးရွာ၊ ရွှေမင်းဝံကျေးရွာနှင့် ကုလားလူးကျေးရွာတို့မှ ဒေသခံငါးဦးတို့မှာ နိုဝင်ဘာ ၁၈ ရက် (တန်ဆောင်မုန်းလပြည့်နေ့) က သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

"တန်ဆောင်မုန်းလပြည့်နေ့က သူတို့နေတဲ့ရွာထဲမှာအသတ်ခံလိုက်ရတာလို့ ကြားရတယ်။ စုစုပေါင်း ငါးယောက်အသတ်ခံရတာ။ သူတို့နေတဲ့ ရွာတွေဘက်ကတော့ စစ်တပ်ဘက်က စစ်ကြောင်းထိုးတာတွေမရှိပေမယ့် သတင်းပေးဒလန်နဲ့ပျူစောထီးအဖွဲ့မှာ ပါနေလို့ အသတ်ခံရတာလို့ ကြားရတယ်"ဟု ခင်ဦးမြို့ခံတစ်ဦးက ဆိုသည်။

အဆိုပါ သတ်ဖြတ်ခံခဲ့ရသည့် ဒေသခံငါးဦးမှာ စိုင်ဂေါင်းကျေးရွာမှ အသက် ၅၀ ကျော်ခန့်ရှိ လင်မယားနှစ်ဦး၊ ရွှေမင်းဝံကျေးရွာမှ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးနှင့် အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦး၊ ကုလားလူးကျေးရွာမှ အသက် ၂၀ ကျော် အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်ကြောင်း အဆိုပါကျေးရွာ ဒေသခံများထံမှ စုံစမ်းသိရသည်။

အဆိုပါ စိုင်ဂေါင်း၊ ရွှေမင်းဝံနှင့် ကုလားလူးကျေးရွာတို့မှ ဒေသခံငါးဦးတို့မှာ သတင်းပေးဒလန်နှင့် ပျူစောထီးအဖွဲ့ဝင်အဖြစ် လုပ်ဆောင်နေခြင်းတို့ကြောင့် ၎င်းတို့အဖွဲ့မှ သတ်ဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ် တောကြီးမြွေဟောက်အဖွဲ့မှ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရသည်။ အဆိုပါ ခင်ဦးမြို့နယ် တောကြီးမြွေဟောက်အဖွဲ့မှ သတင်းပေးဒလန်နှင့် ပျူစောထီးအဖွဲ့ဝင်များအား သတ်ဖြတ်ခဲ့သည်မှာ ၆၁  ဦးထိ ရှိပြီဖြစ်ကြောင်း ၎င်းအဖွဲ့က ဆက်လက်ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ခင်ဦးမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအပါအဝင် သတင်းပေးဒလန်နှင့် ပျူစောထီးအဖွဲ့ဝင်များဟု စွပ်စွဲခံရပြီး မကြာခဏ လုပ်ကြံသတ်ဖြတ်ခြင်းခံနေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

Most Read

Most Recent