နိုင်ငံတကာပွဲများကို မိမိစိတ်ကုန်နေပြီဟု မိုက်ကယ်အိုဝင် ဝန်ခံခဲ့ပြီး နိုင်ငံတကာ ဘောလုံးလောကအား အပြောင်းအလဲ စတင်ပြုလုပ်သင့်ပြီဟု သုံးသပ်ဝေဖန်

နိုင်ငံတကာပွဲများကို မိမိစိတ်ကုန်နေပြီဟု မိုက်ကယ်အိုဝင် ဝန်ခံခဲ့ပြီး နိုင်ငံတကာ ဘောလုံးလောကအား အပြောင်းအလဲ စတင်ပြုလုပ်သင့်ပြီဟု သုံးသပ်ဝေဖန်
Photo: The Sun
Photo: The Sun
Published 18 November 2021

လီဗာပူးလ်၊ ရီးယဲလ်မက်ဒရစ်၊ နယူးကာဆယ်၊ မန်ယူအစရှိသည့် နာမည်ကျော်ကလပ်အသင်းများတွင်ကစားခဲ့သည့် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က မိမိသည် နိုင်ငံတကာဘောလုံးပွဲများကို စိတ်ကုန်နေပြီဟု သူ၏ Twitter စာမျက်နှာ၌ ဝန်ခံခဲ့သည်။

ပြီးခဲ့သည့် တနင်္လာနေ့က ကစားခဲ့သော ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် (ဥရောပဇုန်) ဆန်မာရီနို(၀-၁၀)အင်္ဂလန်ပွဲနှင့် ပတ်သက်ပြီး Twitter ၌ ဝေဖန်ရာတွင် မိုက်ကယ်အိုဝင်က ယင်းကဲ့သို့ ထည့်သွင်းရေးသားခဲ့ခြင်းဖြစ်သည်။

ယင်းပွဲတွင် အင်္ဂလန်အသင်းမှာ ပထမပိုင်းတွင် (၆)ဂိုးသွင်းယူကာ ဦးဆောင်ခဲ့ပြီး ဒုတိယပိုင်းတွင် (၄)ဂိုး ထပ်မံသွင်းယူကာ (၁၀)ဂိုးပြတ်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ယင်းနိုင်ပွဲအပြီး အင်္ဂလန်အသင်းအနေဖြင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်အတွက် ခြေစစ်ပွဲအောင်မြင်သွားခဲ့သော်လည်း အချို့သော အင်္ဂလန်ပရိသတ်များက ယင်းပွဲ၌ နှစ်ဖက်အသင်း အဆင့်အတန်းကွာခြားမှုကို လူမှုကွန်ရက်စာမျက်နှာများ၌ ဝေဖန်ခဲ့ကြသည်။

မိုက်ကယ်အိုဝင်က ယင်းပရိသတ်များ၏ဝေဖန်မှုကို ထောက်ခံခဲ့ခြင်း ဖြစ်သည်။

ဆန်မာရီနိုကဲ့သို့ ခြေစွမ်းအလွန်နိမ့်သော အသင်းအား အင်္ဂလန်အသင်းကဲ့သို့ ထိပ်တန်းအသင်းတစ်သင်းနှင့် ကစားရန်စီစဉ်ထားခြင်းမှာ မည်ကဲ့သို့မှ အကျိုးထူးမည်မဟုတ်ကြောင်း အင်္ဂလန်ပရိသတ်အချို့က လူမှုကွန်ရက်စာမျက်နှာများတွင် ဝေဖန်ရေးသားခဲ့ကြသည်။

မိုက်ကယ်အိုဝင်ကလည်း သူ၏ Twitter စာမျက်နှာ၌ ''နိုင်ငံတကာဘောလုံးပွဲတွေကိုကြည့်ရတာ ကျွန်တော် အတော်စိတ်ကုန်နေပါပြီ။ ကျွန်တော့်လိုပဲ လူတော်တော်များများလည်း ခံစားရမယ်ထင်ပါတယ်။ ပွဲတစ်ဝက်လောက်က အဓိပ္ပာယ်မရှိသလိုပါပဲ။ ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ဖို့တော့ လိုအပ်နေပါပြီ'' ဟု ရေးသားခဲ့သည်။

ယင်းပွဲတွင် အင်္ဂလန်အသင်းမှာ ပွဲချိန်(၆)မိနစ်၌ပင် ဦးဆောင်ဂိုးစတင်ရရှိကာ အလွန်လွယ်ကူသောပွဲ (၁)ပွဲဖြစ်ခဲ့ပြီး ရုပ်သံဘောလုံးဝေဖန်သူ ရွိုင်ကင်းကလည်း ဥရောပအသင်းငယ်လေးတစ်သင်းဖြစ်သည့် ဆန်မာရီနိုအသင်းအတွက် အလွန်စိတ်မကောင်းဖြစ်မိကြောင်း သုံးသပ်ပြောကြားခဲ့သည်။

ဆန်မာရီနိုအသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်)တွင် (၁၀)ပွဲကစားပြီးနောက် သွင်းဂိုး(၁)ဂိုး သာရရှိကာ (၄၆)ဂိုး ပေးခဲ့ရပြီး ရမှတ် (၀)မှတ်ဖြင့် အုပ်စုအောက် ဆုံးနေရာသာရရှိခဲ့သည်။

ရွိုင်ကင်းက ''သူတို့ (ဆန်မာရီနို)အတွက် ကျွန်တော် စိတ်မကောင်းပါဘူး။ သူတို့ဟာ ဒီပြိုင်ပွဲအတွက် အလှမ်းဝေးကွာပြီး နေရာတိုင်းမှာ အားနည်းချက်တွေ ရှိနေပါတယ်။ သူတို့အနေနဲ့ အင်္ဂလန်အသင်းနဲ့ ကစားဖို့တောင် မသင့်ပါဘူး''ဟု ပြောကြားခဲ့သည်။

ဆန်မာရီနိုအသင်းသည် နှစ်ပေါင်း (၃၅)နှစ်ကြာ ၎င်းတို့၏ ဘောလုံးသမိုင်းတစ်လျှောက်၌ နိုင်ပွဲတစ် ပွဲသာရဖူးခဲ့ပြီး ၂၀၀၄ ခုနှစ် ဧပြီလကခြေစမ်းပွဲတွင် လက်ချင်စတိန်းကို (၁-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent