ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုရောက်ရှိလာရေးနှင့် စီးပွားရေးလုပ်ငန်းများ နာလန်ထူရေးတို့ကို လမ်းပွင့်စေမည့် ဆောင်ရွက်မှုအဖြစ် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို လွှဲပြောင်းယူခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံသည် မိမိနိုင်ငံနှင့် နိုင်ငံတကာနယ်စပ်များကို ပြန်ဖွင့်ပေးတော့မည်ဟု The Straits Times နှင့် တွေ့ဆုံမေးမြန်းရာတွင် ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားသည်။
အရပ်သားများနှင့် တပ်မတော်တို့အကြား ပြည်တွင်းတိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိသည်ဟူသော သတင်းများ ထွက်ပေါ်နေပြီး မြန်မာ့စီးပွားရေးမှာ ယခုနှစ်တွင် ၁၈ ရာခိုင်နှုန်းကျော် ကျဆင်းသွားမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားချိန်တွင် အထက်ပါအတိုင်း ပြန်ကြားရေးဝန်ကြီးက ပြောကြားလိုက်ခြင်း ဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံမှုနှုန်းများ သိသိသာသာ တိုးတက်လာသောကြောင့် ၂၀၂၂ ခုနှစ် ပထမ သုံးလပတ် အကုန်လောက်တွင် စီစဉ်ထားသည့် နိုင်ငံတကာ လေကြောင်းခရီးသွားလာမှုများ ပြန်လည်မစတင်မီ တရုတ်၊ ထိုင်းတို့နှင့် နယ်စပ်ဖြတ်သန်းရေးဂိတ်များကို ဒီဇင်ဘာလလောက်တွင် ပြန်ဖွင့်ပေးသွားမည်ဟု တပ်မတော်က ဖွဲ့စည်းထားသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုဝင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဝက်ဆိုက်တွင် ထုတ်ပြန်ထားသော ထုတ်ပြန်ချက်အရ သိရသည်။
“တရုတ်နိုင်ငံက ယူနန်ပြည်နယ်ရှိ ရွှေလီမြို့နဲ့ ထိစပ်နေတဲ့ မြန်မာနိုင်ငံဘက်က မူဆယ်မြို့၊ ထိုင်းနယ်စပ်က မြန်မာမြို့ သုံးမြို့ဖြစ်တဲ့ တာချီလိတ်၊ ကော့သောင်းနဲ့ ထီးခီးတို့မှာ ခရီးသွားလာရေး ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးသွားမှာ ဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုဂံ၊ အင်းလေးကန်၊ ငပလီကမ်းခြေ၊ ချောင်းသာကမ်းခြေ၊ ငွေဆောင်ကမ်းခြေတို့ကို ခရီးသွားလုပ်ငန်းတွင် အရေးပါသော နေရာများအဖြစ် သတ်မှတ်ထားပြီး ထိုနေရာများတွင် ကမ္ဘာလှည့်ခရီးသွားများ ဘေးကင်းရေးကို တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့က ဆောင်ရွက်ပေးသွားမည်ဟု ဦးမောင်မောင်အုန်းက ပြောကြားသည်။
အစိုးရသည် ကာကွယ်ဆေးအများစုကို တရုတ်နှင့် အခြားအလှူရှင်နိုင်ငံများထံမှ ဆက်လက် လက်ခံရရှိနေသဖြင့် COVID-19 သည် မြန်မာနိုင်ငံတွင် ပြဿနာတစ်ခု မဟုတ်တော့ဟု ၎င်းက ပြောကြားသည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၂ ရက်အထိ ကျန်းမာရေးဝန်ကြီးဌာနသည် အသက် ၁၈ နှစ်အထက် နိုင်ငံသား ၁၄.၄ သန်း သို့မဟုတ် ပြည်သူ ၄၂.၅ ရာခိုင်နှုန်းကို အနည်းဆုံး ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံပေးထားပြီး ဖြစ်သည်။ ယခုနှစ်ကုန်ပိုင်းလောက်တွင် ကာကွယ်ဆေး ထိုးနှံမှုသည် လူဦးရေတစ်ဝက်အထိ ရှိလာမည် ဖြစ်သည်။ ၂၀၂၂ ခုနှစ် ဧပြီလလောက်တွင် တစ်နိုင်ငံလုံးကို ကာကွယ်ဆေး ထိုးနှံပေးရန် ကာကွယ်ဆေး အလုံအလောက် ရှိလာမည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။
၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်တွင် မြန်မာနိုင်ငံ၌ ပထမုဆုံး ကိုဗစ်ကူးစက်မှု ရှိခဲ့ပြီးနောက် လ၂၀ အတွင်း ကူးစက်ခံရသူ ၅၁၁,၇၁၇ ဦးရှိခဲ့ပြီး သေဆုံးသူ ၁၈,၈၉၉ ဦး ရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ပြည်တွင်း အကြမ်းဖက်မှုဖြစ်စဉ်များ လျော့နည်းသွားပြီဖြစ်၍ ကမ္ဘာလှည့်ခရီးသွားများအတွက် ခြိမ်းခြောက်မှု မရှိတော့ဟု ကျန်းမာရေးဝန်ကြီးဌာနက ဖြည့်စွက်ဖော်ပြခဲ့သည်။















