ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ပါဆပ်ရပ်ကွက် လွန်းကျိုင်းကျေးရွာ၌ နိုဝင်ဘာ ၁၂ ရက် မွန်းလွဲ ၂ နာရီခန့်က ကျပ် ၁ ဒ သမ ၃၉ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများကို ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဖမ်းဆီးရရှိမှုဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၂ ရက် မွန်းလွဲ ၂ နာရီခွဲက တာချီလိတ်မြို့ ပါဆပ်ရပ်ကွက် လွန်းကျိုင်းကျေးရွာ အမှတ် (၁/၃၆၉) နေစိုင်းလုံ (၄၁ နှစ်) ၏ နေအိမ်ကို သတင်းအရရှာဖွေရာမှ ၎င်းနှင့်အတူ စိုင်းရီ (၂၇ နှစ်) အား တွေ့ရှိပြီး နေအိမ်အတွင်းမှ ဒေသကာလတန်ဖိုး ကျပ် ၁ ဒသမ ၃၉ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၂၆၅ တုံး (အလေးချိန် ၉၂ ဒသမ ၇၅ ကီလို)၊ ဘိန်းဖြူမှုန့်အလေးချိန် သုည ဒသမ ၃ ကီလို၊ စုစုပေါင်းဘိန်းဖြူအလေးချိန် ၉၃ ဒသမ ၀၅ ကီလို၊ ဘိန်း ၄ ဒသမ ၉ ကီလို၊ M-16 သေနတ်နှစ်လက်၊ ပစ္စတိုသေနတ်သုံးလက်၊ လက်ပစ်ဗုံး ခုနစ်လုံး၊ ခြောက်လုံးပြူးလေသေနတ်တစ်လက်၊ ပစ္စတိုလေသေနတ်တစ်လက်၊ ကျည်မျိုးစုံ ၃၃၇၆ တောင့်နှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ မော်တော်ယာဉ်သုံးစီးအား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း CCDAC Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူ စိုင်းလုံ (၄၁ နှစ်) နှင့် စိုင်းရီ (၂၇ နှစ်)တို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်နေရှိကြောင်း CCDAC Myanmar က ထုတ်ပြန်ထားသည်။















