မြန်မာအမျိုးသားလေကြောင်းလိုင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်သို့သွားရောက်မည့် ခရီးသည်များအတွက် ရန်ကုန်-ဘန်ကောက်- ရန်ကုန်ခရီးစဉ်အား တိုးချဲ့ပျံသန်းမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းသည် လာမည့် နိုဝင်ဘာ ၂၆ရက်၊ သောကြာနေ့တွင် ရန်ကုန်-ဘန်ကောက်-ရန်ကုန်ခရီးစဉ်အား ထပ်မံတိုးချဲ့ပျံသန်းမည်ဖြစ်သည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းမှ နိုဝင်ဘာလအတွင်း စင်ကာပူနှင့် ဘန်ကောက်သို့ Relief Flight နှင့် ဒူဘိုင်းနှင့် ကွာလာလမ်ပူသို့ Charter Flight များ ပျံသန်းသွားမည် ဖြစ်သည်။
နိုင်ငံပိုင်မြန်မာအမျိုးသား လေကြောင်းလိုင်းသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်း စင်ကာပူနှင့် ဘန်ကောက်သို့ Relief Flight ခရီးစဉ်ပျံသန်းမည်ဖြစ်ပြီး၊ ရန်ကုန်-ဒူဘိုင်း ခရီးစဉ်နှင့် ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်များအား Charter Flight ခရီးစဉ်များ ပျံသန်းသွားမည်ဖြစ်သည်။
COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ရန် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံးကို နိုဝင်ဘာ ၃၀ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်သည်။
COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်သည့် အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်ရန် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့်ယာယီ ကန့်သတ်ချက်များအား ထုတ်ပြန်ထားခဲ့ပြီး အဆိုပါကန့်သတ်ချက်များ အားလုံးကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ တိုးမြှင့်လိုက်ခြင်းအား ထပ်မံ၍ သက်တမ်းတိုးမြှင့်လိုက်ခြင်း ဖြစ်သည်။
သို့ရာတွင် အရေးပေါ်အစိုးရတာဝန်ဖြင့်ဖြစ်စေ၊ မလွှဲမရှောင်သာသော ကိစ္စရပ်များကြောင့်ဖြစ်စေ၊ ပြည်ပနိုင်ငံသားများ (သံတမန်များနှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများ အပါအဝင်) အနေဖြင့် မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲရန်ရှိမည့် ကယ်ဆယ်ရေးလေယာဉ် (သို့မဟုတ်) အထူးလေယာဉ်များဖြင့် လာရောက်ရန်ရှိပါက ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ကန့်သတ်မှုများမှ ကင်းလွတ်ခွင့် ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံများရှိ အနီးဆုံး မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်အကူအညီတောင်းခံရမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် သြဂုတ်လအထိ e-Visa ဖြင့် မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံတကာမှ ခရီးသွား ၁.၇ သန်းကျော်ရှိပြီး အမေရိကန် ဒေါ်လာ ၆၉.၂ သန်း ရှိသည်။
၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် သြဂုတ်လအထိ မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံတကာမှ ခရီးသွားများ ဆိုက်ရောက်ဗီဇာ လျှောက်ထားမှုမှ ရရှိဝင်ငွေ အမေရိကန် ဒေါ်လာ ၇၁.၅၂ သန်းရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။










