မြန်မာနိုင်ငံတွင် နိုဝင်ဘာ ၁၃ ရက်အထိ COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံမှုရရှိပြီးသူ စုစုပေါင်း ၁၄ သန်းကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် နိုဝင်ဘာ ၁၃ ရက်အထိ ကာကွယ်ဆေးနှစ်ကြိမ်ပြည့် ထိုးနှံပြီးစီးသည့် လူဦးရေ ၉၅၆၁၁၇၅ (၉ ဒသမ ၅၆ သန်း) ၊ တစ်ကြိမ်ထိုးနှံပြီးစီးသည့် လူဦးရေ ၅၁၃၁၄၅၀ (၅ ဒသမ ၁၃ သန်း)၊ ထိုးနှံပြီးစီးသည့် လူဦးရေ စုစုပေါင်း ၁၄၆၉၂၆၀၇ (၁၄ ဒသမ ၆၉ သန်း)နှင့် ကာကွယ်ဆေးအကြိမ်ရေ စုစုပေါင်း ၂၄ သန်းကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
နိုင်ငံလူဦးရေ၏ ၃၅ ရာခိုင်နှုန်း COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပြီးဖြစ်ပြီး ယခုနှစ်အကုန်တွင် လူဦးရေ၏ ၅၀ ရာခိုင်နှုန်း ထိုးနှံနိုင်ရန် ၂၀၂၂ ခုနှစ် နှစ်လယ်တွင် ၇၀ ရာခိုင်နှုန်းထိုးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
တရုတ်နိုင်ငံမှ ဝယ်ယူချုပ်ဆိုထားသည့် COVID-19 ရောဂါ ကာကွယ်ဆေး Sinopharm ၂၄ သန်းသည် နိုဝင်ဘာလအတွင်း ရောက်ရှိထားပြီး ထပ်မံညှိနှိုင်းဝယ်ယူရန် ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
လက်ရှိတွင် ကာကွယ်ဆေးများကို ယခင်အသက် ၅၅ နှစ်အထက် အသက်အရွယ်များကို COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးနေရာမှ ယခုဆယ်နှစ်လျှော့ချ၍ အသက် ၄၅ နှစ်အထက်အရွယ်များကို အောက်တိုဘာ ၁၇ ရက်မှစ၍ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၄ မှစ၍ ဦးတည်အုပ်စုများ ထပ်မံတိုးချဲ့၍ COVID-19 ရောဂါ ကာကွယ်ဆေးကိုထိုးနှံပေးခဲ့ပြီး ယင်းသို့ထပ်မံတိုးချဲ့ ထိုးနှံရာတွင် ပါဝင်အသက် ၅၅ နှစ်နှင့်အထက် ပြည်သူလူထု၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ၊ ရွှေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများမှ ပြည်သူလူထု၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများကို ထိုးနှံ့ပေးလျက်ရှိကြောင်းနှင့် လက်ရှိ အသက် ၄၅ နှစ်အထက် အသက်အရွယ်များကိုပါ တိုးချဲ့ထိုးနှံပေးနေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှစ၍ COVID-19 ကာကွယ်ဆေးများ စတင်ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် မိမိအတွက် ရရှိလာသည့် COVID-19 ရောဂါ ကာကွယ်ဆေးကို မပျက်မကွက်အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံမှုရရှိထားသူများအနေဖြင့်လည်း ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင် (သို့မဟုတ်) အနီးဆုံးသတ်မှတ်ကာလအတွင်းတွင် နီးစပ်ရာကာကွယ်ဆေး ထိုးစုရပ်များသို့ သွားရောက်၍ ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။















