နိုဝင်ဘာ ၁၃ ရက်က ဆူဒန်တွင် ဖြစ်ပွားခဲ့သည့် စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြမှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ က ဖြိုခွင်းမှုအတွင်း ဆန္ဒပြသူ ငါးဦးထက်မ နည်း သေဆုံးခဲ့သည်ဟု ဆရာဝန်များ၏ အဆိုအရ သိရသည်။
စစ်တပ်က အုပ်ချုပ်ရေး ကောင်စီသစ်ကို ဖွဲ့စည်းကာ အာဏာဆုပ်ကိုင်မှုကို ပိုခိုင်မာလာစေရန် လုပ်ဆောင်ခဲ့ ပြီးနောက်တွင် ယင်းကဲ့သို့ ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဆူဒန်ထိပ်သီး စစ်ဗိုလ်ချုပ်ကြီး အက်ဘ်ဒယ် ဖာတာ အယ်-ဘာဟန်က အစိုးရကို ဖြုတ်ချကာ အရပ်သား အစိုးရခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး သီတင်းသုံးပတ်နီးပါး အကြာတွင် ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာ ၁၃ ရက် ဆန္ဒပြပွဲများအတွင်း ဆန္ဒပြသူငါးဦး သေဆုံးခဲ့ပြီး နှစ်ဦးက အွမ်ဒါမန်မြို့မှဖြစ် ကာ သုံးဦးကမူ ခါတွမ်မြို့ အရှေ့ပိုင်းမှဖြစ် ကြောင်း လွတ်လပ်သော ဆူဒန်ဆရာဝန်များ ဗဟိုကော်မတီက ပြောသည်။ လေးဦးမှာ သေနတ်ထိမှန်ခြင်းကြောင့်ဖြစ်ပြီး တစ်ဦးက မူ မျက်ရည်ယိုဗုံးကြောင့် အသက်ရှူကျပ်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဆရာဝန်များက ပြောသည်။
ထို့အပြင် ကျည်ဆန်အစစ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် လူအများအပြား ဒဏ်ရာရခဲ့သည်ဟု သိရသည်။















