ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်း ၉၅ ပွိုင့်ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၇၈၅ ကျပ်ဝန်းကျင်ရှိ

ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်း ၉၅ ပွိုင့်ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၇၈၅ ကျပ်ဝန်းကျင်ရှိ
ရန်ကုန်မြို့ရှိ ငွေလဲကောင်တာတစ်ခုအားတွေ့ရစဉ်
ရန်ကုန်မြို့ရှိ ငွေလဲကောင်တာတစ်ခုအားတွေ့ရစဉ်
Published 12 November 2021

နိုဝင်ဘာ ၁၂ ရက်တွင် ကမ္ဘာ့ ဒေါ်လာစျေး အညွှန်းကိန်း ၉၅ ပွိုင့်ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၁၇၈၅ ဝန်းကျင်ရှိကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၁၇၈၃ ဝန်းကျင်သို့ ရောက်ရှိပြီးနောက် ဝယ်ယူလိုသူများပြားနေပြီး ငွေလဲ ကောင်တာ အများစုတွင် ဒေါ်လာရောင်းချနိုင်ခြင်း မရှိဖြစ်နေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်ယူသူများထံမှ သိရသည်။

နိုင်ငံခြားငွေများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်းဆောင်ရွက်ရာတွင် ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်း ၀.၅ % ဘောင်အတွင်း သတ်မှတ်ဆောင်ရွက်ရန် ဗဟိုဘဏ်က ညွှန်ကြားချက်ထုတ်ပြန်ပြီးနောက် စျေးကွက်အတွင်း တစ်ဒေါ်လာ ကျပ်  ၁၇၀ ခန့် စျေးပြန်ကျပြီး နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် တစ်ဒေါ်လာ ကျပ် ၁၇၈၀ ဝန်းကျင်ဖြင့် စျေးစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါသတ်မှတ်ချက်အား ကျော်လွန်ဆောင်ရွက်ပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်းတို့အရ အရေးယူမည်ဖြစ်ကြောင်း၊ ယင်းညွှန်ကြားချက်သည် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၀ ရက်မှစ၍ အကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် တစ်ဒေါ်လာ ကျပ် ၁၇၈၀ ဝန်းကျင်ဖြင့် စတင်ဖွင့်လှစ်ခဲ့သော်လည်း ဝယ်ယူလိုသူသာများပြားနေပြီး ငွေလဲကောင်တာအများစုတွင် ဒေါ်လာရောင်းချနိုင်ခြင်းမရှိ ဖြစ်နေကြောင်း သိရသည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၂ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ လဲလှယ်မှု နှုန်းထားများမှာ ယူရို ၂၀၂၀ ကျပ်၊ စင်ကာပူဒေါ်လာ ၁၃၁၅ကျပ်၊ မလေးရှားရင်းဂစ် ၄၂၃ ကျပ်၊ ထိုင်းဘတ် ၅၅.၅ ကျပ်၊ တရုတ်ယွမ် ၂၉၅ ကျပ်၊ ဂျပန်ယန်း ၁၅.၇၀ ကျပ်တို့ ဖြစ်သည်။

နိုင်ငံခြားငွေရောင်းစျေးနှုန်းနှင့် ဝယ်စျေးနှုန်းအကြား အများဆုံးထားရှိရမည့် ကွာဟချက်သတ်မှတ်ခြင်းကို ပယ်ဖျက်ပြီးနောက် နိုင်ငံခြားငွေလဲ ကောင်တာများတွင် အမေရိ ကန်ဒေါ်လာ တစ်ဒေါ်လာ ကျပ် ၂၀၀၀ ဝန်း ကျင်ဖြင့် စတင်ရောင်းချခဲ့ကြောင်း နိုင်ငံခြား ငွေလဲကောင်တာများမှ သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေလုပ်ငန်းဆောင်ရွက်ချက်များမှာ ကာလတိုအတွင်း နိုင်ငံခြားငွေလဲ လှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ရက် တစ်ရက်ရှိ မြန်မာ ကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ၏ ငွေလဲလှယ်နှုန်းနှင့် ယခင်ရက်ရည်ညွှန်းငွေလဲလှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းသည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန် ဒေါ်လာရောင်းချရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံ ဖွင့်လှစ်ဆောင်ရွက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု စည်းမျဉ်းပြင်ဆင်သည့် အမိန့်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၀ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် ၄၆/၂၀၂၁ ဖြင့် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၉ ပုဒ်မခွဲ (က) အရ အပ်နှင်းအထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ် ၃၅ အား ပြင်ဆင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူသည်  ပို့ကုန် အမှန်တကယ်တင်ပို့ခဲ့သည့် ပို့ကုန်တင်ပို့သည့် အထောက်အထားများအရ ကုန်စည်များကို သင်္ဘောတင်သည့်နေ့မှ သုံးလအတွင်း ပို့ကုန်တင်ပို့သူများက ပို့ကုန်ရငွေများ လက်ခံရရှိခြင်းရှိမရှိကို စိစစ်ရမည်ဟု ပြင်ဆင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။