ရန်ကုန်မြို့တွင်း ရေပေးဝေလျက်ရှိသည့် ရေပိုက်ဆက်နေရာမှ ရေယိုစိမ့်မှုကို နိုဝင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီမှ ၁၆ ရက် မွန်းလွဲ ၂ နာရီအထိ နာရီ ၄၀ ကြာ ပြုပြင်မည် ဖြစ်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ကိုးမြို့နယ်တွင် ရေပြတ် တောက်မည်ဖြစ်ကြောင်း အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက နိုဝင်ဘာ ၁၂ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။
သတင်းထုတ်ပြန်ချက်အရ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) လက်အောက် ရှိ ငမိုးရိပ်ရေသန့်စင်စက်ရုံ (ညောင်နှစ်ပင်)သည် ရန်ကုန်မြို့တွင်း မြို့နယ်များသို့ နေ့စဉ် ရေပေးဝေလျက်ရှိရာ ဒုတိယအဆင့် ရေ တွန်းစက်ရုံမှ ရေတွန်းစက်များရပ်၍ HDPE ဖလမ်းပိုက်ဆက်နေရာနှင့် သံပိုက်အဆက်နေရာ ရေယိုစိမ့်မှုကို နိုဝင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီမှ ၁၆ ရက် မွန်းလွဲ ၂ နာရီအထိ ခန့် မှန်းကြာချိန် နာရီ ၄၀ ခန့်ကြာ ပြုပြင်မည်ဖြစ် ကြောင်း သိရသည်။
ယင်းကြောင့် အဆိုပါရေသန့်စက်ရုံမှ ရေပေးဝေလျက်ရှိသည့် မြောက်ဥက္ကလာပ မြို့နယ်၊ ရွှေပေါက္ကံမြို့နယ်၊ တောင်ဥက္ကလာပ မြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ ပိုင်း) မြို့နယ်၊ ဒေါပုံမြို့နယ်၊ တာမွေ (မေတ္တာ ညွန့်ရပ်ကွက်) မြို့နယ် ၊ မင်္ဂလာဒုံမြို့နယ်များ ရှိ ရပ်ကွက်များတွင် ရေအားလျော့နည်းခြင်း နှင့် ခေတ္တ ရေပြတ်တောက်မှုများဖြစ်ပေါ် မည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါရေအားလျော့နည်း ပြတ်တောက်နိုင်သည့် မြို့နယ်တွင် နေထိုင် သူများအနေဖြင့် ရေကြိုတင်စုဆောင်းထား ကြရန် အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီက သတင်းထုတ်ပြန်ထားကြောင်း သိရသည်။















