ပြည်ပမှကုန်စည်များ တင်သွင်းမှုအတွက် နိုင်ငံခြားငွေကြေး အသုံးပြုမှုကို ထိန်းညှိဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပြည်ပမှ တင်သွင်းသည့် ကုန်စည်အချို့ကို သွင်းကုန် လိုင်စင်စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
COVID-19 ရောဂါကူးစက်မှု နောက်ဆက်တွဲအနေဖြင့် စီးပွားရေးလုပ်ငန်းများ တုံ့ဆိုင်းခြင်းကို ပြန်လည်ကုုစားနိုင်ရန် နိုင်ငံ၏ပို့ကုန်တင်ပို့မှု၊ သွင်းကုန်တင်သွင်းမှုများ စနစ်တကျရှိစေရန်နှင့် ပြည်ပမှကုန်စည် များ တင်သွင်းမှုများအတွက် နိုင်ငံခြားငွေကြေး အသုံးပြုမှုကို ထိန်းညှိဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပြည်ပမှတင်သွင်းသည့် ကုန်စည်အချို့ကို သွင်းကုန်လိုင်စင်စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။
ထိုသို့ ကုန်စည်လိုင်းများကို သွင်းကုန်လိုင်စင်စနစ်သို့ ပြောင်းလဲကျင့်သုံးရာတွင် တင်သွင်းသည့် လုပ်ငန်းရှင်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်စေရန်အတွက် အဆင့်လိုက်ခွဲ၍ လိုင်စင်လျှောက်ထားရန်လိုသော စာရင်းကို ထုတ်ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပထမအဆင့်အနေဖြင့် အီလက်ထရွန်နစ်ပစ္စည်းများ၊ စားသောက်ကုန်အချို့၊ အလှကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ စက္ကူပစ္စည်းများ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများနှင့် သက်ဆိုင်သည့်ပူးတွဲပါ 2017 Customs Tariff of Myanmar အရ H.S Code 6 Digit ဖြင့် ကုန်စည် ၁၄၂၈ လိုင်း သို့မဟုတ် H.S Code 10 Digit ဖြင့် ကုန်စည် ၃၀၇၀ လိုင်းကို သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအဖြစ် ၂၀၂၂ ခု နှစ် ဇန်နဝါရီ ၁ ရက်မှစတင်၍ သတ်မှတ်လိုက်သည်။
သို့ဖြစ်ရာ ၂၀၂၀ ပြည့်နှစ် အောက်တို ဘာ ၂၂ ရက်တွင် ထုတ်ပြန်သောအမိန့် ကြော်ငြာစာအမှတ် ၆၈ /၂၀၂၀ အရ သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုအပ်သော H.S Code 10 Digit ဖြင့် ကုန်စည်လိုင်း ၃၉၃၁ လိုင်း အပါအဝင် ထုတ်ပြန်ချက်တွင် ပူးတွဲဖော်ပြထားသည့် HS Code များဖြင့် သတ်မှတ်ထားသော ကုန်စည်များသည် သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုအပ်သော ကုန်စည်လိုင်းများ ဖြစ်ကြောင်းနှင့် အထက် အပိုဒ် ၃ ပါ လိုင်စင် လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအနက် မည်သည့်ကုန်စည်ကိုမဆို ပြည်ပမှပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ တင်သွင်းရာတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ သွင်းကုန်လိုင်စင် လျှောက်ထားရယူပြီးမှသာ တင်သွင်းခွင့်ပြုမည် ဖြစ်သည်။ သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုသော အထက်အပိုဒ်(၃)ပါ ကုန်စည်စာရင်းအား ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အမိန့်ကြော်ငြာစာ ဆက်လက်ထုတ်ပြန်သွားမည်ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။