ပြည်ပစွက်ဖက်မှု ဆန့်ကျင်ရေးဥပဒေနှင့် ပတ်သက်၍ ပြဋ္ဌာန်းထားသည့် နိုင်ငံအလိုက် ဥပဒေများကို လိုအပ်သည့် စိစစ်လေ့လာမှုများ ဆောင်ရွက်ရန် ဥပဒေရေးရာဝန်ကြီးဌာနအား တာဝန်ပေးထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြောကြား

ပြည်ပစွက်ဖက်မှု ဆန့်ကျင်ရေးဥပဒေနှင့် ပတ်သက်၍ ပြဋ္ဌာန်းထားသည့် နိုင်ငံအလိုက် ဥပဒေများကို လိုအပ်သည့် စိစစ်လေ့လာမှုများ ဆောင်ရွက်ရန် ဥပဒေရေးရာဝန်ကြီးဌာနအား တာဝန်ပေးထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြောကြား
Published 10 November 2021

ပြည်ပစွက်ဖက်မှု ဆန့်ကျင်ရေးဥပဒေနှင့် ပတ်သက်၍ ပြဋ္ဌာန်းထားသည့် နိုင်ငံအလိုက် ဥပဒေများကို လိုအပ်သည့် စိစစ်လေ့လာမှုများ ဆောင်ရွက်ရန် ဥပဒေရေးရာဝန်ကြီးဌာနအား တာဝန်ပေးထားကြောင်း နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၉ ရက်က ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၇/၂၀၂၁)တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးစိုင်းလုံးဆိုင်နှင့် စောဒန်နီယယ်တို့က ပြည်ပစွက်ဖက်မှု ဆန့်ကျင်ရေး ဥပဒေပြဋ္ဌာန်းရေး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် မြန်မာနိုင်ငံအပေါ် ကိုယ်ချင်းစာ နားလည်မှုရှိသည့် နိုင်ငံများနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် တိုးမြှင့်ဆောင်ရွက်ရေးနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ ကြံစိုက်တောင်သူများ ကြုံတွေ့နေရသည့် အခက်အခဲနှင့် လိုအပ်ချက်များကို ဖြေရှင်းဆောင်ရွက်ပေးရေး၊ CRPH၊ NUG၊ PDF တို့၏ အကြမ်းဖက်လုပ်ရပ်များကို နိုင်ငံတဝန်းရှိ အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် လက်ကမ်းစာဆောင်များ ထုတ်ဝေဖြန့်ချိရေး၊ အခြေခံပညာကျောင်းများတွင် စာသင်ခန်းသုံး သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းပေးရေး၊ ကိုဗစ်ရန်ပုံငွေ ချေးငွေအစီအစဉ်တွင် အခြေခံလူတန်းစားများကို ထည့်သွင်းထုတ်ချေးပေးရေး၊ အခြေခံလူတန်းစားများ ဝင်ငွေရရှိရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးရေး၊ အာဆီယံခရီးသွား လုပ်ငန်းအစီအစဉ်တွင် မြန်မာနိုင်ငံမှ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး၊ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ အားကစားကဏ္ဍမြှင့်တင်ရေးအတွက် မူဝါဒများ ထပ်မံဖြည့်စွက်ပေးရေး၊ နိုင်ငံ့ဝန်ထမ်းများ ရာထူးတိုးမြှင့်ရေးကိစ္စနှင့် ပတ်သက်၍ လက်ထောက်ညွန် ကြားရေးမှူးနှင့်အထက် ရာထူးတိုးမြှင့်ရေးတွင် စနစ်တကျ စိစစ်ဆောင်ရွက်ရေး၊ လေယာဉ်ဖြင့် ခရီးသွားမည့် ပြည်သူများအား ကိုဗစ်ရောဂါ စစ်ဆေးခလျှော့ချပေးရေးနှင့် အလွယ်တကူစစ်ဆေးနိုင်ရေး စီစဉ်ဆောင် ရွက်ပေးရေး၊ ကယားပြည်နယ်ရှိ ပြည်သူများ၏ ဘဝလုံခြုံရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး နိုင်ငံတော်မှ လမ်းညွှန်မှုပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး တင်ပြခဲ့သည်။

ထိုသို့တင်ပြဆွေးနွေးမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းပြောကြားရာတွင် ပြည်ပစွက်ဖက်မှု ဆန့်ကျင်ရေးဥပဒေနှင့် ပတ်သက်၍ ပြဋ္ဌာန်းထားသည့် နိုင်ငံအလိုက် ဥပဒေများအား ဥပဒေရေးရာဝန်ကြီးဌာနက လိုအပ်သည့် စိစစ်လေ့လာမှုများ ဆောင်ရွက်ရန် တာဝန်ပေးထားကြောင်း၊ မိမိတို့အနေဖြင့် မြေပေါ်မြေအောက် သယံဇာတထုတ်ယူမှုကို အတတ်နိုင်ဆုံး ထိန်းသိမ်းဆောင်ရွက်နေကြောင်း၊ ကုန်ကြမ်းအနေဖြင့် ထုတ်လုပ်ရောင်းချမှုကို တားမြစ်ထားပြီး Value added တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ရောင်းချမှုကိုသာ အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အာဆီယံနိုင်ငံများနှင့် မိတ်ဖက်ဆက်ဆံရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများနှင့်လည်း ဆက်သွယ်ဆက်ဆံလျက်ရှိကြောင်း၊ ထို့ပြင် အာဆီယံက ကျင်းပသည့် ဝန်ကြီးအဆင့်အစည်းအဝေးများတွင် မိမိတို့နိုင်ငံမှ ပြည်ထောင်စုဝန်ကြီးများ ပါဝင်တက်ရောက် ဆွေးနွေးလျက်ရှိပြီး လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို လုပ်ဆောင်လျက်ရှိကြောင်း၊ ကြံစိုက် တောင်သူများ လတ်တလောတွေ့ကြုံနေရသည့် အခက်အခဲများကို ဥပဒေနှင့်အညီ အမြန်ဆုံး စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ အကြမ်းဖက်အဖွဲ့အစည်းများ၏ လုပ်ရပ်များနှင့် စပ်လျဉ်း၍ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် နိုင်ငံပိုင်နှင့်တပ်မတော်ပိုင် မီဒီယာကဏ္ဍမှ ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ အား ကစားကဏ္ဍနှင့်စပ်လျဉ်း၍ လူထုအခြေပြု အားကစားဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်ရန်ပုံငွေမှ အခြေခံလူတန်းစားများအား ချေးငွေ ထုတ်ချေးပေးရေးနှင့် ပတ်သက်၍ လိုအပ်သည့် အချက်အလက်များကို အခြေခံတွက်ချက်၍ ဘဏ္ဍာရေးအခြေအနေပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

Most Read

Most Recent