နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၇၈၃ ဝန်းကျင်သို့ ရောက်ရှိပြီးနောက် ဝယ်ယူလိုသူ များပြားနေပြီး ငွေလဲကောင်တာ အများစုတွင် ဒေါ်လာရောင်းချနိုင်ခြင်း မရှိဖြစ်နေ

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၇၈၃ ဝန်းကျင်သို့ ရောက်ရှိပြီးနောက် ဝယ်ယူလိုသူ များပြားနေပြီး ငွေလဲကောင်တာ အများစုတွင် ဒေါ်လာရောင်းချနိုင်ခြင်း မရှိဖြစ်နေ
Published 10 November 2021

နိုဝင်ဘာ ၁၀ ရက်တွင် ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်း ၉၄ ပွိုင့် ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၇၈၃ ဝန်းကျင်သို့ သို့ရောက်ရှိပြီးနောက် ဝယ်ယူလိုသူ များပြားနေပြီး ငွေလဲကောင်တာ အများစုတွင် ဒေါ်လာရောင်းချနိုင်ခြင်းမရှိ ဖြစ်နေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်ယူသူများထံမှ သိရသည်။

နိုင်ငံခြားငွေများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယြ်ခင်း ဆောင်ရွက်ရာတွင် CBM Reference Rate ၀.၅ % ဘောင်အတွင်း သတ်မှတ်ဆောင်ရွက်ရန် ဗဟိုဘဏ်က ညွှန်ကြားချက် ထုတ်ပြန်ပြီးနောက် စျေးကွက်အတွင်း တစ်ဒေါ်လာ ကျပ် ၁၇၀ ခန့် စျေးပြန်ကျပြီး နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် တစ်ဒေါ်လာ ကျပ် ၁၇၈၀ ဝန်းကျင်ဖြင့် စျေးစတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် တစ်ဒေါ်လာ ကျပ် ၁၇၈၀ ဝန်းကျင်ဖြင့် စတင် ဖွင့်လှစ်ခဲ့သော်လည်း ဝယ်ယူလိုသူသာ များပြားနေပြီး ငွေလဲကောင်တာ အများစုတွင် ဒေါ်လာရောင်းချနိုင်ခြင်းမရှိ ဖြစ်နေကြောင်း သိရသည်။

“ကျွန်မက Online Shop လုပ်တော့ ဒေါ်လာစျေးလေးကျတုန်း ဝယ်စုထားမယ်ဆိုပြီး ဒီနေ့မနက်စပြီး ငွေလဲကောင်တာ နှစ်ခု သုံးခုကို သွားခဲ့ပါတယ်။ ဘယ်မှာမှ အဲ့စျေးနဲ့ ဝယ်မရခဲ့ပါဘူး။ အကုန်လုံးက ဖုန်းနံပါတ်ထားခဲ့ပါ။ ငွေဝင်ရင် ပြန်ဆက်သွယ်ပေးပါမယ်ဆိုပြီးပဲ ပြောပါတယ်” ဟု သမိုင်းမြို့နယ်မှ မသီရိက ပြောပြသည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၀ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ လဲလှယ်မှု နှုန်းထားများမှာ ယူရို ၂၀၅၀ ကျပ်၊ စင်ကာပူ ဒေါ်လာ ၁၃၃၅ ကျပ်၊ မလေးရှားရင်းဂစ် ၄၃၅ ကျပ်၊ ထိုင်းဘတ် ၅၇ ကျပ်၊ တရုတ်ယွမ် ၃၀၀ ကျပ်၊ ဂျပန်ယန်း ၁၇ ကျပ်တို့ ဖြစ်သည်။

နိုင်ငံခြားငွေ ရောင်းစျေးနှုန်းနှင့် ဝယ်စျေးနှုန်းအကြား အများဆုံးထားရှိရမည့် ကွာဟချက် သတ်မှတ်ခြင်းကို ပယ်ဖျက်ပြီးနောက် နိုင်ငံခြား ငွေလဲကောင်တာများတွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ ကျပ် ၂၀၀၀ ဝန်း ကျင်ဖြင့် စတင်ရောင်းချခဲ့ကြောင်း နိုင်ငံခြားငွေလဲ ကောင်တာများမှ သိရသည်။

သြဂုတ် ၈ ရက်က ထုတ်ပြန်ခဲ့သည့် နိုင်ငံခြားငွေများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်းတို့ လုပ်ဆောင်ရာတွင် CBM Reference Rate အား Mid-Rate ဖြင့် သတ်မှတ်၍ ရောင်းစျေးနှုန်းနှင့် ဝယ်စျေးနှုန်းကို သုည ဒသမ ၈ ရာခိုင်နှုန်းဘောင်အတွင်း ဆောင်ရွက်ရန် ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျ ကြီးမားခြင်းကို လျော့နည်းစေရန် ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံ ဖွင့်လှစ်ဆောင်ရွက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေလုပ်ငန်း ဆောင်ရွက်ချက်များမှာ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျ ကြီးမားခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ရက် တစ်ရက်ရှိ မြန်မာကျပ်ငွေနှင့် အမေရိကန် တစ်ဒေါ်လာ၏ ငွေလဲလှယ်နှုန်း နှင့် ယခင်ရက် ရည်ညွှန်းငွေလဲလှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့ နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းသည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ ရောင်းချရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း ဖြစ်သည်။

Most Read

Most Recent