ဗဟိုဘဏ်က ရောင်းချပေးသည့် နိုင်ငံခြားငွေ ၁၉ သန်းဖြင့် တင်သွင်းခဲ့သော စားအုန်းဆီတန်ချိန် ၁၆၁၃၈ ဒသမ ၃၃ ကို တစ်ပိဿာ ကျပ် ၃၇၀၀ နှုန်းဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ရောင်းချ

ဗဟိုဘဏ်က ရောင်းချပေးသည့် နိုင်ငံခြားငွေ ၁၉ သန်းဖြင့် တင်သွင်းခဲ့သော စားအုန်းဆီတန်ချိန် ၁၆၁၃၈ ဒသမ ၃၃ ကို တစ်ပိဿာ ကျပ် ၃၇၀၀ နှုန်းဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ရောင်းချ
Published 9 November 2021

ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေ ၁၉ သန်းဖြင့် မှာယူတင်သွင်းခဲ့သည့် စားအုန်းဆီတန်ချိန် ၁၆၁၃၈ ဒသမ ၃၃ကို တစ်ပိဿာလျှင် ကျပ် ၃၇၀၀ ဖြင့် စက်တင်ဘာ ၂၀ မှစတင်၍ လက်ရှိအချိန်အထိ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ရောင်းချပေးလျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများ သက်သာသော စျေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေ ၁၉ သန်းဖြင့် မှာယူတင်သွင်းခဲ့သည့် စားအုန်းဆီတန်ချိန် ၁၆၁၃၈ ဒသမ ၃၃ (ပိဿာချိန် ၉၈၇၆၆၅၇) ကို တစ်ပိဿာလျှင် ကျပ် ၃၇၀၀ နှုန်းဖြင့် စက်တင်ဘာ ၂၀ မှစ၍ ရန်ကုန်တိုင်းဒေသကြီးတွင် စားအုန်းဆီတန်ချိန် ၁၂၈၂၃ ဒသမ ၅၉ တန်၊ မန္တလေးတိုင်းဒေသကြီးတွင် တန်ချိန် ၈၄၇ ဒသမ ၄၇ တန်၊စစ်ကိုင်းတိုင်းဒေသကြီးတွင် တန်ချိန် ၆၀၆ ဒသမ ၆၁ တန်၊မကွေးတိုင်းဒေသကြီးတွင် တန်ချိန် ၈၆၉ ဒသမ ၂၂၊  ပဲခူးတိုင်းဒေသကြီးတွင်တန်ချိန် ၄၆၂ ဒသမ ၈၃ တန်၊ တနင်္သာရီတိုင်းဒေသကြီးတွင် တန်ချိန် ၆၁ ဒသမ ၂၉၊ နေပြည်တော်တွင် တန်ချိန် ၁၁၆ ဒသမ ၈၃၊ ရှမ်းပြည်နယ်တွင်တန်ချိန် ၃၁၄ ဒသမ ၅၄ တန်၊ မွန်ပြည်နယ်တွင် တန်ချိန် ၃၅ ဒသမ ၉၅ တန်ရောင်းချခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ လက်ကားစျေးတစ်ပိဿာလျှင် ကျပ် ၃၇၀၀ နှုန်းဖြင့် ဝယ်ယူရရှိခဲ့သည့် အရောင်းဆိုင်များသည် ဒေသအလိုက် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ထပ်ဆောင်း၍ နှစ်ရာခိုင်နှုန်းထက်မပိုသော  အမြတ်ဖြင့် ရောင်းချပေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရင့်နောင်ပွဲရုံတန်းနှင့် ညောင်ပင်လေးစျေးတို့တွင် လက်ကားဖြန့်ဖြူးရောင်းချပေးခဲ့သည့်အပြင် ဆီအသင်း၏အစီအစဉ်ဖြင့် မြို့နယ်/ရပ်ကွက်များသို့ စျေးကားများဖြင့် လှည့်လည်ရောင်းချပေးခဲ့ပြီး နေပြည်တော်အပါအဝင် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လက်လီလက်ကား ဖြန့်ဖြူးရောင်းချပေးခဲ့သည်။

ဒေါ်လာလိုအပ်ချက်ရှိနေသောကဏ္ဍများ အထူးသဖြင့် စားသုံးဆီ ၊ စက်သုံးဆီနှင့် ဆေးဝါးကဏ္ဍများသို့ AD လိုင်စင်ရဘဏ်များမှတဆင့် ဒေါ်လာသန်း ၄၀ ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် အမေရိကန်ဒေါ်လာ လိုအပ်ချက်ရှိနေသော ကဏ္ဍများ (အထူးသဖြင့် စားသုံးဆီ၊ စက်သုံးဆီနှင့် ဆေးဝါးများ) သို့ ဘဏ်များမှတစ်ဆင့် ရောင်းချပေးနိုင်ရန်အတွက် အပတ်စဉ် လေလံခေါ်ယူ၍ ရောင်းချပေးလျက်ရှိသည်။

Most Read

Most Recent