အီလစ်ဆန့်ကျင်ရေးနှင့် လူကြိုက်များရေး

အီလစ်ဆန့်ကျင်ရေးနှင့် လူကြိုက်များရေး
Published 6 November 2021

ခေတ်သစ်လူ့ဘောင်တွင် ‘ငွေ’ ၊ ‘ပညာ’ နှင့် ‘အာဏာ’ သည် လွန်ဆွဲနေကြပြီး ဆက်စပ်မှုလည်းရှိနေသည်။ ပညာတတ်လူတန်းစား၊ ချမ်းသာကြွယ်ဝသည့်လူတန်းစား၊ ပညာတတ်လူချမ်းသာများကို လူ့မလိုင်များဟူ၍ခေါ်ကြသည်။ သူတို့သည် တိုင်းပြည်၏လူနည်းစုမျှသာ ဖြစ်နိုင်သော်လည်း စီးပွားရေးတွင်ချုပ်ကိုင်ထားနိုင်စွမ်းရှိကြသကဲ့သို့ နိုင်ငံရေးတွင်လည်း ပေါ်လစီကို ကြိုးကိုင်ချမှတ်နိုင်သူများ ဖြစ်နေတတ်ကြသည်။ တိုင်းပြည်တစ်ပြည်တွင် ရွေးကောက်ပွဲရလဒ်မည်သို့ပင်ဖြစ်နေစေကာမူ လူ့မလိုင်တို့အတွက် အကြောင်းမဟုတ်။ ငွေကြေးကို ထိန်းထားနိုင်စွမ်းရှိသကဲ့သို့ အာဏာကိုလည်းကြိုးကိုင် ထားနိုင်စွမ်းရှိသည့် လူ့မလိုင်လူတန်းစားအလွှာတစ်ခုကို Elite များဟု ခေါ်ကြသည်။ အီလစ်များသည်လူမှုရေးအဖွဲ့အစည်း သို့မဟုတ် စီးပွားရေးအဖွဲ့အစည်းအသွင်ဖြင့် ရှိနေတတ်ပြီး ပေါ်လစီချမှတ်သူများအပေါ်တွင် လွှမ်းမိုးနိုင်စွမ်းရှိကြသည်။ သူတို့တွင် Thinktanks ဟုခေါ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာအကြံပေးနိုင်သည့် ပညာရှင်များရှိသကဲ့သို့ မူဝါဒရေးရာများနှင့်ပတ်သက်ပြီး ဆွေးနွေးဝေဖန်သုံးသပ်နိုင်သူများဖြင့် စုစည်းထားတတ်ကြသည်။ အီလစ်များသည် အစိုးရနှင့်ပူးပေါင်းနိုင်သကဲ့သို့ အစိုးရအပေါ် လွှမ်းမိုးနိုင်စွမ်းရှိသူများဟူ၍လည်း ဆိုနိုင်သည်။ အစိုးရအနေဖြင့်လည်း အီလစ်များကို ကန့်လန့်ကာနောက်ကွယ်မှထားကာ အကြံယူခြင်း၊ အသုံးချခြင်းများ ရှိတတ်သည်။

အီလစ်ဆန့်ကျင်ရေးကို ပေါ်ပြူလစ်ဇင်ဟုခေါ်သည့် လူကြိုက်များရေး ၀ါဒ၏အချက်အချာ လက္ခဏာရပ်အဖြစ် သတ်မှတ်ကြသည်။ လူကြိုက်များရေးဝါဒီတို့၏ အလိုအရ အီလစ်တို့၏ ကွဲပြားခြားနားသော အဓိကလက္ခဏာမှာ ပြည်သူများနှင့် ပဋိပက္ခအသွင်ဆောင်သော ဆက်ဆံရေးရှိခြင်းပင် ဖြစ်သည်။ လူကြိုက်များရေးဝါဒီတို့သည် နိုင်ငံရေးအီလစ်များကိုသာမက စီးပွားရေး အီလစ်၊ ယဉ်ကျေးမှု အီလစ်နှင့် မီဒီယာအီလစ်များကိုပါ ပြစ်တင်ရှုတ်ချလေ့ရှိသည်။ လူကြိုက်များရေးဝါဒီတို့က အီလစ်များကို အဂတိလိုက်စားသည့် မျိုးတူအုပ်စုများဟု ဖော်ပြလေ့ရှိကြသည်။ လစ်ဘရယ် ဒီမိုကရေစီ ကျင့်သုံးသည့်အခါ  လူကြိုက်များရေးဝါဒီတို့က လွှမ်းမိုးကြီးစိုးထားသည့် နိုင်ငံရေး ပါတီများကို အီလစ်တစ်စိတ်တစ်ပိုင်းအဖြစ် ရှုတ်ချလေ့ရှိသည်။ သို့သော် အဆိုပါ ပါတီတို့၏ နိုင်ငံရေးစနစ်ကိုမူ တစ်ပါတည်း ရှုတ်ချလေ့မရှိဘဲ ယင်းအစား ပါတီအမျိုးအစားသစ် တစ်ရပ်ကိုသာ တောင်းဆိုလေ့ရှိကြသည်။

လူကြိုက်များရေးဝါဒီများ အစိုးရအာဏာကို ရရှိသည့်အခါ ၎င်းတို့ကိုယ်တိုင် အီလစ်အသစ်များ ဖြစ်လာသည့် အနေအထားနှင့် ရင်ဆိုင်ရသည်။ ဥပမာအားဖြင့် ဗင်နီဇွဲလားမှ  ဟူဂိုးချာဗက်နှင့် ဆလိုဗက်ကီးယားမှ ဗလာဒီမာမက်ဆီယာတို့ ဖြစ်ကြသည်။ လူကြိုက်များရေးဝါဒီတို့သည် ၎င်းတို့၏ အနေအထားသစ်များနှင့် ကိုက်ညီစေရန် အီလစ်နှင့်ပတ်သက်သော ၎င်းတို့၏ သဘောထားကို ပြောင်းလဲပစ်လိုက်ခြင်းဖြင့် အီလစ်ဆန့်ကျင်ရေးဟု ဆိုခဲ့သည့် ၎င်းတို့၏ စကားများကို ပြန်လည်ထိန်းသိမ်းတတ်ကြသည်။ သူတို့က တကယ့်အာဏာအစစ်ကို အစိုးရကချုပ်ကိုင်ထားနိုင်သည် မဟုတ်ဘဲ လူကြိုက်များရေးဝါဒီ အစိုးရကို ဆက်လက်လှိုက်စား ဖြိုဖျက်နေသည့် အခြားသြဇာကြီးအင်အားစုများနှင့် ပြည်သူတို့၏ ဆန္ဒကိုယ်နှိုက်က ချုပ်ကိုင်ထားခြင်းသာဖြစ်သည်ဟု ဆင်ခြေပေးတတ်ကြသည်။ ယင်းကဲ့သို့သော အနေအထားမျိုး၌ လူကြိုက်များရေး ၀ါဒီအစိုးရအဖွဲ့များသည် အီလစ်များကို စီးပွားရေးအာဏာကို ချုပ်ကိုင်ထားသူများအဖြစ် အဓိပ္ပာယ်ဖွင့်ကြပြန်သည်။ ဥပမာအားဖြင့် ဗင်နီဇွဲလားတွင် ချာဗက်က သူ၏စီးပွားရေး ပြုပြင်ပြောင်းလဲမှုများအား ကဖျက်ယဖျက် လုပ်နေသူများဟု စီးပွားရေး အီလစ်များကို အပြစ်တင်ခဲ့သည်။ ဂရိနိုင်ငံတွင် လက်ဝဲယိမ်း လူကြိုက်များရေးဝါဒီ ဝန်ကြီးချုပ် အဲလက်ဆစ်ဆီးပရက်စ်က သူ၏အစိုးရအဖွဲ့ကို လှိုက်စားဖျက်ဆီးနေသူများအဖြစ် လော်ဘီဝါဒီများနှင့် လူနည်းစု အခွင့်ထူးခံများကို စွပ်စွဲခဲ့သည်။

အနေအထား အမျိုးမျိုးတွင် လူကြိုက်များရေးဝါဒီတို့က အီလစ်များသည် နိုင်ငံတော်၏ အကျိုးစီးပွားကို ဆန့်ကျင် လုပ်ဆောင်နေသည်ဟု အခိုင်အမာ ပြောကြားလေ့ရှိသည်။ ဥပမာအားဖြင့် ဥရောပသမဂ္ဂတွင် လူကြိုက်များရေးဝါဒီ အုပ်စုအမျိုးမျိုးက ၎င်းတို့နိုင်ငံ၏ နိုင်ငံရေးအီလစ်များသည် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို ကျော်လွန်ကာ ဥရောပသမဂ္ဂသက်သက်၏ အကျိုးစီးပွားကို ဖော်ဆောင်နေသည်ဟု စွပ်စွဲကြသည်။ အလားတူစွာပင် လက်တင်အမေရိက၌ လူကြိုက်များရေးဝါဒီများသည် နိုင်ငံရေး အီလစ်များအား မိမိတို့နိုင်ငံ၏ အကျိုးစီးပွားထက် အမေရိကန်ပြည်ထောင်စု၏ အကျိုးစီးပွားကို ဖော်ဆောင်ရာ၌ ကျွမ်းကျင်သူများဟု စွပ်စွဲကြသည်။ လူကြိုက်များရေးဝါဒီများ (အထူးသဖြင့် ဥရောပ) ၏ အသုံးများသော အခြားနည်းဗျူဟာတစ်ရပ်မှာ မိမိတို့ဒေသခံလူထုထက် ရွှေ့ပြောင်းအခြေချသူများ၏ အကျိုးစီးပွားကို ဖော်ဆောင်နေသည်ဟု အီလစ်များကို စွပ်စွဲခြင်းဖြစ်သည်။ ယင်းအနေအထား၌ လူကြိုက်များရေးဝါဒီတို့သည် ဂျူးဆန့်ကျင်ရေးဝါဒီများ ဖြစ်လာတတ်သည်။ ၎င်းတို့က အီလစ်များသည် မိမိတို့နိုင်ငံသားများထက် အစ္စရေးကို ဦးစားပေးကာ ဂျူးအကျိုးစီးပွားကို ဖော်ဆောင်နေသူများဟု စွပ်စွဲကာ အီလစ်များအား အမျိုးသားရေးသစ္စာဖောက်များအဖြစ် ပုံဖော်တတ်ကြသည်။

မည်သို့ပင်ဆိုစေကာမူ အီလစ်ဆန့်ကျင်ရေးဟု ကြွေးကြော်ကာ အာဏာရလာသူများအနေဖြင့် အီလစ်အသစ်များဖြစ်လာကာ စကားလုံးများဖြင့် စွပ်စွဲပြစ်တင်မှုများ ပြုလုပ်နေမည့်အစား လူထုအကျိုးစီးပွားကို ထိရောက်စွာ ဖော်ဆောင်ပြရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုဝင်ဘာ ၇ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent